【 နိုင်ငံတကာဆောင်းပါး 】BRIနှင့် ဒေသတွင်းမှ မြန်နူန်းမြင့်ရထားများ

【 နိုင်ငံတကာဆောင်းပါး 】BRIနှင့် ဒေသတွင်းမှ မြန်နူန်းမြင့်ရထားများ

 ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ခဲ့သော ကြီးမားသော အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပရောဂျက်တစ်ခုဖြစ်သည့် Belt and Road Initiative (BRI) မှာ ယခုအခါ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အရှိန်ရနေပြီ ဖြစ်သည်။

အဆိုပါ ပရောဂျက်မှာ အာရှ၊ ဥရောပ၊ အာဖရိကရှိ နိုင်ငံများနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ကွန်ရက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်သည်။

အာရှဒေသရှိ  BRI ပရောဂျက်မှာမှု တရုတ်နှင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကြား ချိတ်ဆက်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အထူးအာရုံစိုက်ထားသည်။ BRI အောက်ရှိ အဆိုပါ ဒေသတွင်း ပရောဂျက်များတွင် မြန်နှုန်းမြင့်ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းများနှင့် စွမ်းအင်ဆိုင် ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။

ဒေသတွင်း ထင်ရှားသော BRI ပရောဂျက်အချို့တွင် အာရေဗျပင်လယ်ရှိ ပါကစ္စတန်၏ Gwadar ဆိပ် ကမ်း နှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖောက်လုပ်ရေး ပါဝင်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ပါဝင်သလို အင်ဒို နီးရှားရှိ ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း၊ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည် ဆောက် ရေး၊ မလေးရှားရှိ အရှေ့ကမ်းရိုးတန်း ရထားလမ်းကွန်ရက်၊ လာအို-ထိုင်းရှိ ကူမင်း - ဗီယက်ကျန်း-ဗန်ကောက် အမြန်ရထားလမ်း၊ တို့ပါဝင်သည်။

မြန်နှုန်းမြင့်ရထားများသည် သယ်ယူပို့ဆောင်ရေး ထိရောက်မှုနှင့် မြို့များကြား ခရီးသွားချိန်ကို လျှော့ ချနိုင်သောကြောင့် BRI အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု၏ အဓိက အာရုံစိုက်မှုတစ်ခုဖြစ်သလို မကြာမီက ပြီးစီးကာ လည်ပတ်နေသည့် ကူမင်း-ဗီယက်ကျန်းအမြန်ရထားလမ်းကြောင့် ဒေသတွင်းနိုင်ငံများအတွက် တရုတ် ၏မြန်နူန်းမြင့် ရထားလမ်းမှာ ဆွဲဆောင်အားကြီးလာခဲ့သည်။

အာရှတိုက်ရှိ နိုင်ငံအများအပြားသည် မြန်နှုန်းမြင့်ရထားများ တည်ဆောက်ရန်အတွက် BRI ထံမှ ရန်ပုံ ငွေရရှိထားသည်။ ဥပမာအားဖြင့်၊ တရုတ်သည် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် လာအိုကဲ့သို့သော နိုင်ငံများတွင် မြန်နှုန်းမြင့်ရထားကွန်ရက်များ တည်ဆောက်ရန်အတွက် သိသာထင်ရှားသော ရန်ပုံငွေနှင့် နည်းပညာအကူအညီ များကို ပံ့ပိုးပေးထားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ လာအိုကိုဖြတ်၍ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သို့ ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းမှာ ယခုအခါ လာအိုဘက်တွင် အားလုံးပြီးစီးနေသဖြင့် ပြေးဆွဲနေရာ ဒေသတွင်းအာရုံစိုက်နေရသည့် အောင်မြင်သည့် ရထားလမ်းတစ်ခုဖြစ်နေပြီ ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံများကြား ချိတ်ဆက်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

အဆိုပြုထားသည့် ရထားလမ်းအရ  စုစုပေါင်းအကွာအဝေး ကီလိုမီတာ ၃၀၀၀ ခန့် ဖြတ်သန်းမည်ဖြစ်ပြီး လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် လူကြိုက်များသော ခရီးသွားနေရာဖြစ်သည့် လွမ်ပရာဘန်းကဲ့သို့သော မြို့များတွင် ရပ်နားမည်ဖြစ်သည်။ ရထားလမ်းသည် လာအိုတွင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ နှင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင်မည်ဟု တွက်ဆထားသည်။

လက်ရှိတွင် လာအိုဘက်အခြမ်းပြီးစီးသဖြင့် "Fuxing" နှင့် "Lancang" မြန်နှုန်းမြင့်ရထားများဖြင့် ရထား ပြေးဆွဲခဲ့ရာ စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ခရီးသည်တင်ရထား စုစု ပေါင်း အကြိမ် ၂ သောင်း ပြေးဆွဲခဲ့ပြီး ခရီးသည် ၁၀၃ သိန်းကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းဘက်တွင်လည်း လာအိုရထားလမ်းအောင်မြင်မှုကြောင့် တက်သုတ်ရိုက်လုပ်ဆောင်နေရာ စီမံကိန်း ပြီးမြောက်ပါက တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကြား သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး ချိတ်ဆက်မှု သိသိ သာသာ တိုးတက်လာစေရန်နှင့် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် မျှော်လင့်ထား သည်။

အင်ဒိုနီးရှားတွင် BRI မှ ထောက်ပံ့ထားသည့် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းသည် လက်ရှိတွင် တည်ဆောက်ဆဲဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းအတွက် လို အပ်သော သံလမ်းများအားလုံးကို ဂဟေဆော်ခြင်း ပြီးစီးခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် သံလမ်းခင်း ခြင်း ပြီးစီးရန် စီမံထားသည်။ အဆိုပါစီမံကိန်းကို China Railway International နှင့် Kereta Cepat Indonesia China (KCIC) လုပ်ငန်းစုဟု လူသိများသော အင်ဒိုနီးရှားအစိုးရပိုင် လုပ်ငန်းစုတစ်ခုနှင့် တရုတ်မီးရထားလုပ်ငန်းစု တို့ အကြား ဖက်စပ်လုပ်ဆောင်နေခြင်းဖြစ်သည်။

ရထားလမ်းသည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၃၅၀ ကီလို မီတာအထိ မောင်းနှင်နိုင်ရန် ဒီဇိုင်း ထုတ်ထားပြီး ဂျကာတာနှင့် ဘန်ဒေါင်းကြား ခရီးသွားချိန်ကို သုံးနာရီမှ ၄၅ မိနစ်အထိ လျှော့ချပေးမည် ဖြစ်သည်။  ဂျကာတာ၊ ဘိုဂေါနှင့် ဘန်ဒေါင်းမြို့တို့ကြား  အဓိက ဘူတာကြီး ၃ ခု အပါအဝင် စုစုပေါင်း ဘူတာ ၁၃ ခု ရှိမည် ဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်အဆိုပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ကာ ကြားထဲတွင် ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရသဖြင့် ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၂၂ခုနှစ်တွင် မပြီးခဲ့ဘဲ ယခ ၂၀၂၃ခုနှစ်တွင် ပြီးစီးနိုင်ရန်မျှော်လင့်ထားသည်။

အဆိုပါစီမံကိန်းကို လက်ရှိအင်ဒိုနီးရှားအစိုးရကအလေးထားနေပြီး ဂျကာတာနှင့် ဘန်ဒေါင်းကြား ခရီး သွားလုပ်ငန်းနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန်အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ချိတ်ဆက်မှု တိုးတက် ကောင်းမွန်လာစေရန် ကူညီပေးမည်ဟု မျှော်လင့်ထားသည်။ထို့ပြင် အဆိုပါရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှရှိ အခြားသော မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းများအတွက် စံပြတစ်ခုအဖြစ်လည်း မျှော်မှန်း ထားသည်။

မလေးရှားတွင်လည်း မြန်နှုန်းမြင့်ရထားလမ်းတစ်ခုကို တရုတ်နိုင်ငံ ပို့ကုန်-သွင်းကုန်ဘဏ်မှ ချေးငွေဖြင့် မလေးရှားအစိုးရမှ အကောင်အထည်ဖော်နေသည်။ အဆိုပါစီမံကိန်းသည် မလေးရှားကျွန်းဆွယ်အရှေ့ဘက် ကမ်း ရိုးတန်းမှ အနောက်ဘက်ကမ်းရိုးတန်းရှိ နိုင်ငံ၏အကြီးဆုံး ဆိပ်ကမ်းဖြစ်သော ကလန်ဆိပ်ကမ်းထိ ဆက်သွယ် ထားသော ကီလိုမီတာ ၆၆၅ ရှည်လျားသော ရထားလမ်းလိုင်းဖြစ်သည်။

အရှေ့ကမ်းရိုးတန်း ရထားလမ်းကွန်ရက် (East Coast Rail Link - ECRL)ကြောင့် အထူးသဖြင့် အရှေ့ ဘက် ကမ်းရိုးတန်းတစ်လျှောက် ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်မှု ပိုမိုကောင်းမွန်စေခြင်းဖြင့် မလေးရှားနိုင်ငံ၏ စီးပွားရေးကို သိသာထင်ရှားစွာ မြှင့်တင်ပေးမည်ဟု မျှော်လင့် ထားသည်။ ကလန်ဆိပ်ကမ်း(Port Klang) နှင့် ကူအန်တန် ( Kuaantan) ကြား ခရီးသွားလာချိန်ကို ခြောက်နာရီမှ သုံးနာရီအထိ လျှော့ချနိုင်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းစသည့် နယ်ပယ်များ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။

၂၀၂၆ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည့် ၎င်းစီမံကိန်းမှာ ထိုင်းနှင့် ဆက်နေသည့် မလေးရှားနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ် များတွင် စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်ပေးမည်ဖြစ်ပြီး တရုတ်နှင့် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို အားကောင်းလာ စေမည်ဟု မျှော်လင့်ထားသည်။

စတင်သက်ဝင်လာပြီ ဖြစ်သည့် ရထားလမ်းများမှာ BRI ပရောဂျက်များကြောင့် ဖြစ်ထွန်းလာခြင်းဖြစ် သည်ကိုတော့ ငြင်းမရပေ။BRI သည် ကမ္ဘာ့၏ စီးပွားရေးဖွံ့ဖြိုးမှုနည်းသော ဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်သည့်  ၎င်း၏ ကြိုးပမ်းဆောင်ရွက်မှု အတွက် ယခုအခါ တစတစအသိမှတ်ပြုခံလာနေရပြီး  ကမ္ဘာ့စီးပွားရေးတွင် ပိုမိုချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရန်ဖြစ်သည့် ၎င်း၏ရည်ရွယ်ချက်မှာလည်း ပိုအောင်မြင်လာနေသည်ကို တွေ့ရလေသည်။

လင်းသစ်အောင်