【 ‌ဆောင်းပါး 】ရှေးတရုတ်ဘုရားကျောင်းများနဲ့ ရန်ကုန်မြို့ (အပိုင်း - ၃)

【 ‌ဆောင်းပါး 】ရှေးတရုတ်ဘုရားကျောင်းများနဲ့ ရန်ကုန်မြို့ (အပိုင်း - ၃)

လသာမြို့နယ်မှ ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ရာကျော်သက်တမ်းရှိနေသည့် သက်တမ်းရင့်ဘုရားကျောင်းများအနက်တွင် ကုန်းဘောင်ခေတ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့သော ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းလည်း အပါအဝင် ဖြစ်သည်။

အဆိုပါ ဘုရားကျောင်းသည် ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းဆုံ ထောင့် တွင်တည်ရှိနေပြီး အင်္ဂလိပ်-မြန်မာ ပထမစစ် မဖြစ်ပွားမီကာလဖြစ်သော ကုန်းဘောင်ခေတ်နှောင်းပိုင်း ကတည်းက တည်ရှိနေကြောင်းကို မှတ်တမ်းအထောက်အထားများ၌ ဖော်ပြထားသည်။

ထိုစဉ်အချိန်က သစ်သားအဆောက်အဦအဖြစ် တည်ရှိနေပြီး ၁၈၅၅ ခုနှစ်တွင် မီးလောင်ပျက်စီးသွားပြီးနောက် ၁၈၆၈ ခုနှစ်တွင် အသစ်ပြန်လည် ‌တည်ဆောက်လာခဲ့သည်။ ၁၈၇၂ ခုနှစ် အရောက်တွင် တိုးချဲ့ မွမ်းမံမှုပြုပြီး ၁၈၈၈ ခုတွင်လည်း ထပ်မံပြုပြင်ခဲ့ကြသည်။

ထိုကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းကို ကွမ်တုံးကွမ်ရင်ဘုရားကျောင်း‌ ဟူ၍လည်း ခေါ်ဆိုကြပြီး ကွမ်းတုံ၊ ကွမ်တုံး၊ ကန်တုံ စသည်ဖြင့် အသံထွက် အနည်းငယ်ခြားနားစွာ ခေါ်ဆိုကြသော်လည်း ကွမ်တုံးလူမျိုးတို့ ကိုးကွယ်ရာ ကွမ်ရင်မယ်တော် ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။ ကွမ်းရင်းကိုလည်း ကွမ်းရင်၊ ကွမ်ယင်၊ ကွမ် ရင် စသည်ဖြင့် အမျိုးမျိုး ရေးသားကာ အသံထွက်အမျိုးမျိုးဖြင့် ခေါ်ဆိုလေ့ရှိကြသည်။

ကုန်းဘောင်ခေတ်က မြန်မာမင်းနေပြည်တော်တွင် တရုတ်အမျိုးသားများ လာရောက်နေထိုင်ကြပြီး ကွမ်ရင်ဘုရားကျောင်း တစ်ဆောင်ကိုလည်း ဆောက်လုပ်ခဲ့ကြဖူးကြောင်း မှတ်တမ်းအချို့တွင် ဖော်ပြကြသည်။ ယင်း မှတ်တမ်းမှတ်ရာများအရ ဆင်ဖြူရှင်မင်း လက်ထက်ဖြစ်သည့် ၁၇၇၃ ခုနှစ်ကတည်းက မြန်မာဘုရင် ခွင့်ပြုချက်ဖြင့် ကွမ်ယင်ဘုရားကျောင်း တစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ဖူးကြောင်းကို ဖော်ပြထားကြသည်။ ထိုဘုရားကျောင်းမှာ ဘိုးတော်ဘုရားလက်ထက် ၁၈၁၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ဘကြီးတော်လက်ထက် ၁၈၂၉ ခုနှစ်တွင် တစ်ကြိမ်၊ သာယာဝတီမင်း နတ်ရွာမစံမီ ၁၈၃၇ ခုနှစ်တွင် တစ်ကြိမ် မီးလောင်ကျွမ်းခံခဲ့ရသည်ဟုလည်း ဆိုထားသည်။

ကွမ်ရင်ဘုရားကျောင်းကို တည်ဆောက်ခြင်းမပြုခင်က ရန်ကုန်မြို့တွင် တရုတ်ဘုရားကျောင်းတစ်ကျောင်းသာရှိပြီး ယင်းဘုရားကျောင်းမှာလည်း ၁၈၂၄ ခုနှစ်ကတည်းက တည်ရှိနေသည်ကို မှတ်သားခဲ့ကြောင်း ကိုလည်း ဗြိတိသျှ မှတ်တမ်းအချို့တွင် ဖော်ပြကြသည်။ ၁၈၅၃ ခုနှစ်လောက်က ရန်ကုန်မြေပုံပေါ်တွင် ဒါလဟိုဇီ (Dalaohexi )လမ်း (Guangdong Street) ၏ မြောက်ဘက်ခြမ်းတွင် Baichi လမ်းနှင့် Shishitiao လမ်းကြား အလျား ပေ ၁၀၀၊ အနံ ၁၀၅ ပေ ရှည်လျားသော အကျယ်အဝန်းနေရာကို ပြသထားဖူးကြောင်း မှတ်တမ်းများတွင် ဖော်ပြကြသည်။

ကွမ်ရင်မယ်တော်နှင့် ပတ်သက်သည့် ရာဇဝင်များစွာရှိပြီး ယင်းရာဇဝင်မှတ်တမ်းများမှာ ကွဲပြားခြားနားမှုလည်း များပြားခဲ့သည်။ အများသိရှိထားကြသည်မှာ ကွမ်ရင်သည် အမျိုးသမီးဖြစ်သည်ဟု ဆိုထားပြီး အချို့မှာ အမျိုးသား ဖြစ်သည်ဟုလည်း ဖော်ပြမှုများရှိသည်။ ယင်းအနက်မှ တူညီသောမှတ်တမ်းများအနက်တွင် miao Zhuang ဟူ၍ အမည်ရသော တိုင်းပြည်တွင် စိတ်သဘောထားမြင့်မြတ်သည့် ဘုရင်နှင့်မိဖုရားတို့အနက် မိဖုရားမှာ ကိုယ်ဝန် ၁၈ လအကြာ တတိယ သမီးတော်ဖြစ်သည့် miao shan ကိုဖွားမြင်ခဲ့ပြီး ယင်းမင်းသမီးမှာ ငယ်ငယ်လေး ကတည်းက နို့ထိန်းဖြင့်သာ ကြီးပြင်းလာရကြောင်း၊ အသက်အရွယ် ကြီးပြင်းလာချိန်တွင် ဘာသာရေးဆိုင်ရာ စာပေများနှင့် တရားစာပေများကို လေ့လာပြီး zi zhu lin ဟူသည့် ဝါးရုံတောတွင် တရားအားထုတ်ကျင့်ကြံ၍ မယ်တော်ဖြစ်လာခဲ့သလို ယင်းအချိန်ကတည်းက စ၍ လူအများအပေါ် မေတ္တာတရားကြီးမားသည့် မယ်တော်ကို စတင်ယုံကြည်ကာ ကိုးကွယ်မှုပြုလာကြသည်။

ထိုပုဂ္ဂိုလ်မှာ နတ်လည်းမဟုတ်သလို တရားကျင့်ကြံရင်း တရားရရှိသွားသည့် ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ဖြစ်ပြီး ဗုဒ္ဓတရားတော် များအတွင်း ကွမ်ရင်မှာ ယောကျ်ားသားတစ်ယောက်ဖြစ်ပြီး တရုတ်ပြည်ကို ဗုဒ္ဓတရား တော်ပြန့်ပွားလာချိန်တွင် အမျိုးသမီးပုံ ဖြစ်သွားကြောင်း၊ ရှေးခေတ်တရုတ်မှတ်တမ်းများတွင် ပုဂ္ဂိုလ်ထူးမှာ ပုံစံ အမျိုးမျိုးပြောင်းလဲဖန်ဆင်းနိုင်သည့်အတွက် အမျိုးသား ပုံစံလည်းဖြစ်နိုင်သလို အမျိုးသမီးပုံဖြစ်အောင်လည်း ဖန်ဆင်းနိုင်သည်ဟု ဆိုထားကြပြီး မေတ္တာတရား ပိုမိုကာ ကြီးမားသည့် ပုံမျိုးဖြစ်သည့်အတွက် အမျိုးသမီးကွမ်ရင်ရုပ်ထု အဖြစ် ထုလုပ်ကိုးကွယ်ကြသည်ဟုလည်း ဖော်ပြကြသည်။

ကွမ်ရင်ဟူသည့် စကားလုံးကို အဓိပ္ပာယ်ပြန်ပါက တိုင်းသူပြည်သားများ၏ တိုင်တည်မှုများကို ဂရုပြု နားစွင့်တတ်ပြီး မေတ္တာတရား ကြီးမားသည့်အပြင် ဥပဓိရုပ်လည်း တင့်တယ်ကာ ဉာဏ်တော်လည်း စူးရှထက် မြတ်ကြောင်း၊ လက်ဝယ်တွင်လည်း မိုးမခအခက် ထည့်ထားသည့် ပန်းအိုးကို အမြဲကိုင်ထားပြီး ၎င်း၏နာမည်ကို တမ်းတတိုင်တည် လိုက်ပါက လူအများ၏ ဒုက္ခကို လိုက်လံကယ်တင်သည်ဟူ၍လည်း ယုံကြည်ထားကြသည်။ ကွမ်ရင်မယ်တော်ကို တရုတ်လ ၂ လပိုင်း ၂၉ ရက်တွင် ဖွားမြင်ခဲ့သည်ဟုသာ ဖော်ပြထားပြီး ခုနှစ်ကို ဖော်ပြကြ ခြင်းမရှိသလို ပျံလွန်တော်မူသည့် အချိန်ကိုလည်း မှတ်တမ်းများတွင် တိတိကျကျဖော်ပြထားခြင်းမျိုး မတွေ့ရပေ။

ခိုင်မာမှုမရှိသည့် မှတ်တမ်းအချို့တွင် ယင်းဘုရင်ကြီးနှင့် မိဖုရားကြီးတို့မှာ သားတော်လိုချင်သော်လည်း မိဖုရားကြီးက သမီးတော်နှစ်ပါးမွေးဖွားပြီးနောက် နောက်ထပ်မွေးဖွားမည့်သူမှာ မိန်းကလေးဖြစ်ပါက သတ်ပစ်ရန် ဘုရင်ကြီးမှ အမိန့်ထုတ်ထားခဲ့သည်။ ထို့နောက်တွင် မိဖုရားကြီးက တတိယမြောက်မွေးဖွားရာတွင် သားမမွေးဘဲ သမီးတော်တစ်ပါးကိုသာ ထပ်မွေးလိုက်သည့်အခါ ဘုရင်ကြီး၏ အမိန့်တော်အတိုင်း ရေအတွင်းသို့ ပစ်ချသတ် ပစ်သော်လည်း ရေကန်အတွင်းမှ ပြန်ကန်ထွက်၍ ကြာပလ္လင်ပေါ်တွင် သွားတင်နေသည်ကိုတွေ့ရသည်ဟုလည်း ဆိုထားသလို ကွမ်ရင်မယ်တော်နှင့် ပတ်သက်သည့် ဇာတ်လမ်းများအတွင်းလည်း ယင်းအကြောင်းအရာကို ရိုက်ကူးထားကြသည်။ ၎င်းမှာ သမီးတော်သုံးပါး အနက်တွင် စိတ်ထားအကောင်းဆုံးဖြစ်ပြီး အခြားသော သမီးတော် နှစ်ပါးက မနာလိုဖြစ်သလို ဘုရင်ကြီးမှ မကောင်းမှု ပြုလုပ်သည့်အခါတိုင်း သူမက အမြဲဟန့်တားလေ့ရှိသလို အခြားသော သမီးတော်နှစ်ပါးက သူမကို အကောက်ကြံ ကုန်းတိုက်မှုကြောင့် အဝေးအရပ်သို့ ထွက်ခွာသွား၍ တရားကျင့်ကြံမှုများကို ပြုလုပ်ခဲ့သည်။

တရားထူးတရားမြတ်များ ရလာသည့် သမီးတော်လေးမှာ ဘုရင်ကြီးကိုတွေ့၍ တရားတော်များ ပြန့်ပွားနိုင်ရန်ရည်ရွယ်ပြန်လာသည့်အခါ မိဘနှစ်ပါးလုံးမရှိတော့ဘဲ ဘုရင်ကြီးမှာ ငရဲကျရောက်ခဲ့ကြောင်း၊ ခမည်းတော် ဘုရင်ကြီးကို ငရဲမှ ကယ်ရန် ယမမင်းနှင့်တွေ့ဆုံပြီးနောက် ဘုရင်ကြီးငရဲမှလွတ်သည့်အခါ နွားဘ၀ရောက်ချိန်တွင် ကွမ်ရင်ကျောင်းတိုက်၌ သေချာစွာ ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း၊ အစ်မတော် နှစ်ယောက်ကိုလည်း ခဲအိုဆိုးများ၏ လက်မှ ကယ်တင်၍ တရားကျင့်ကြံနိုင်ရန် လမ်းညွှန်ခဲ့ပြီး သူမ၏တိုင်းပြည်ကို ငယ်စဉ်က ချစ်ကြိုက်ဖူးသည့် စစ်သူကြီးဖြစ်သူကို အုပ်ချုပ်စေခဲ့ကြောင်း၊ သူမကို မြင်တွေ့ရန် သူမမွေးဖွားချိန်က ပစ်ချခံရသည့် ရေကန်အတွင်း ပန်းများကိုခြွေချကာ ဆုတောင်းခြင်းများပြုလုပ်သလို မမြင်တွေ့ရပါက ယင်းစစ်သူကြီးကိုယ်တိုင် ရေကန်အတွင်းခုန်ချ၍ သေမည်ဟု ကြံရွယ် တိုင်တည်သည့်အခါ ကြာပန်းပလ္လင်ပေါ်တွင် ကြွရောက်လာသည်ကိုလည်း ဖော်ပြခဲ့ကြသည်။

 ပြည်သူပြည်သားများကလည်း အခက်အခဲ ဒုက္ခများကြုံသည့်အခါ တိုင်တည်ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြပြီး မယ်တော်ကလည်း မိုးမခခက်နှင့် မေတ္တာရေစင်များ ပက်ဖြန်း၍ အခက်အခဲများပူပင်သောကများကို ပြေလည်စေခဲ့ကြောင်း၊ ယင်းကဲ့သို့သော ယုံကြည်မှုများဖြင့် ကိုးကွယ်ခဲ့ကြသလို အချို့မှာ နေအိမ်များတွင် ကွမ်ရင်မယ်တော်၏ ရုပ်ထုကိုထားရှိကာ ကိုးကွယ်ခြင်းများလည်း ယနေ့ခေတ်ကာလအထိ ရှိလာခဲ့သည်။

ရန်ကုန်မြို့တွင်လည်း အဆိုပါ ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းသို့ သွားရောက်ကာ ပူဇော်ဆုတောင်း ခြင်းများပြုလုပ်ကြသလို တရုတ်နှစ်သစ်ကူးပွဲတော်တွင်လည်း ဆုတောင်းပွဲများကို အခမ်းအနားတစ်ရပ်ဖြင့် ကျင်းပခဲ့ကြခြင်းလည်း ရှိခဲ့သည်။ ယခင်က ယွန်းစားပွဲဝိုင်းကြီး တစ်ခုရှိသည်ဟု ဆိုထားပြီး ၁၈၁၆ ခုနှစ် လောက်တွင် ဘိုးတော်ဘုရား ကိုယ်တိုင် ကွမ်ရင်ဘုရားကျောင်းသို့ ကြွရောက်လာစဉ်က ပွဲတော်ဆက်ကပ်သည့် စားပွဲဖြစ်ခဲ့သည်ဟူ၍လည်း ပြောဆိုစမှတ်ရှိခဲ့သည်။ ဘုရားကျောင်းတွင် ရိုးရာဘာသာရေးဆိုင်ရာများအပြင် ဘာသာစကားသင်ကြားမှုများကိုလည်း လုပ်ဆောင်ခဲ့ပြီး ဆုတောင်းခြင်းများကိုလည်း အခါအား လျော်စွာပြုလုပ်ခဲ့ကြသည်။ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ဆောင်ခဲ့သလို အကြီးစားပြင်ဆင်မှုများကို ၂၀၀၂ ခုနှစ် လောက်က နောက်ဆုံးလုပ်ဆောင်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဗြိတိသျှလက်အောက်မရောက်ခင်ကတည်းက တည်ရှိခဲ့ဖူးသည့် အဆောက်အအုံကို ပြပါဆိုလျှင် ယင်းအဆောက်အအုံမှာ အပါအဝင်တစ်ခုဖြစ်ပြီး တရုတ်နှစ်သစ်ကူးနှင့်အတူ ယခင်အစိုးရလက် ထက်က လာရောက်လေ့လာမှုများကိုလည်း လုပ်ဆောင်ခဲ့ကြဖူးသည်။ အချို့သူတွေမှာလည်း ကွမ်ရင်ကျောင်းသို့ လာရောက်၍ မိမိတို့အခက်အခဲများကို ပြေလည်မှုရရန် ဆုတောင်းခြင်းများပြုလုပ်ကြသလို ဘုရားကျောင်းဝင်းအတွင်း လှပသည့် ဆင်ယင်မှုများကြား၌ အလှဓာတ်ပုံများလည်းရိုက်ကူးလေ့ရှိရာ ထင်ရှားသည့် နေရာတစ်ခုပင်ဖြစ်သည်။

ဧပရယ်လ်