【 ‌ဆောင်းပါး 】 ထောင်နံရံများတွင် ထင်ဟပ်နေသော ခေတ်၏ပုံရိပ်များ (၉)

【 ‌ဆောင်းပါး 】 ထောင်နံရံများတွင် ထင်ဟပ်နေသော ခေတ်၏ပုံရိပ်များ (၉)

          (ယခင်တစ်ပတ်မှ အဆက်)

နောက်ဆုံးထုတ် ထောင်ဘဝသရုပ်ဖော်ကား ၁၉၇၁ နိုဝင်ဘာတွင် ထုတ်ဝေခဲ့သည့် ‘မနီးတဲ့ ဘဝခရီး’ ဖြစ်ပါသည်။ဘဝကံကြမ္မာ အချိုးအကွေ့များက ကြမ်းတမ်းဆိုးဝါးသည့်ဘက်သို့ချည်း ဆွဲယူပို့ဆောင်ခြင်း ခံခဲ့ရသည့် ဘဝပိုင်ရှင် ကိုထွန်းတင်၏ ဘဝဖြစ်စဉ်များပါ။ကာယကံရှင်၏ ပင်ကိုယ်စရိုက်မှာ အလွန်ရိုးသားကြိုးစားသူဖြစ်သော်လည်း လောကဓံလှိုင်းက အံ့ဩဖွယ်ရာ ရိုက်ခတ်ခြင်းခံရသည့် လူသားတစ်ဦး၏ ဘဝကို တွေ့မြင်ရသည့် စာအုပ်ဖြစ်ပါသည်။

           ထောင်ဘ၀သရုပ်ဖော် မဟုတ်သော စာတစ်အုပ်

လူထုဦးလှရေးသည့် ထောင်စာအုပ်များဟု မန္တလေး လူထုတိုက်ထုတ်အုပ်များပါ စာအုပ်ကြော်ငြာများတွင် ထည့်သွင်းဖော်ပြထားရာ၌ ၁၉၅၉ ဖေဖော်ဝါရီလတွင် ပုံနှိပ်ခဲ့သည့် "ရဲဘော်နှင့် မောင်ကြီးနှမ" ပါဝင်ပါသည်။စင်စစ် ရဲဘော်နှင့် မောင်ကြီးနှမသည် မန္တလေး ရာပြည့်နှစ်အား ဂုဏ်ပြုရေးသားခြင်း ဖြစ်ပါသည်ဟု လူထုဦးလှ ကိုယ်တိုင်က စာအုပ်၏ ရှေ့ဆုံးစာမျက်နှာ၌ မိတ်ဆက်ဟူသော ခေါင်းစဉ်အောက်တွင် မန်းရာပြည့်ပွဲတော်အတွက် ရေးသားကြောင်း၊ ဤစာအုပ်သည် မန္တလေး ရာပြည့်နှင့်သာမက တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အကြောင်းအရာဟု ဆိုထားပါသည်။

စာအုပ်ရည်ရွယ်ချက်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သရုပ်ဖော်ဝတ္ထုဖြစ်ပါသည်။ထောင်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မပါပါ။သို့သော် လူထုတိုက်ထုတ်စာအုပ်ပါ ထောင်အကြောင်း ကြော်ငြာစာအုပ် စာရင်းများ၌လည်းကောင်း၊ မြန်မာမဂ္ဂဇင်းတချို့တွင် လူထုဦးလှရေးသည့် စာအုပ်စာရင်း ဖော်ပြရာ၌လည်းကောင်း၊ ရဲဘော်နှင့် မောင်ကြီးနှမကို ထောင်စာအုပ် စာရင်းသွင်းထားကြပါသည်။

ဇာတ်လမ်းမှာ ဂျပန်ခေတ်က မြိတ်မြို့နယ်အတွင်းရှိ ကျေးတောရွာတစ်ရွာမှ သူဌေးသားတစ်ဦးက မျိုးချစ်စိတ် နိုးကြားကာ (၁၈) မပြည့်သေးဘဲ အသက်လိမ်ပြီး စစ်မှုဝင်ထမ်းပါသည်။ထိုစစ်သားကလေး မန္တလေးမြို့ပေါ်၌ တာဝန်ကျစဉ် ဈေးချိုသူလေးတစ်ဦးနှင့်သာမက မိန်းကလေး၏ မိသားစုများနှင့်ပါ ခင်မင်ကျွမ်းဝင်သွားပုံများကို ဖတ်ချင်စဖွယ် ရေးသားထားခြင်းဖြစ်ပါသည်။

           လူထုဦးလှ စေ့ငုခဲ့သည့် ဘဝခရီးကြမ်းများ  

၁၉၅၇ ခုနှစ် သြဂုတ်လမှ ၁၉၇၁ ခုနှစ် နိုဝင်ဘာလထိတိုင် ဆယ့်လေးနှစ်ကျော်ကာလအတွင်း ထောင်အကြောင်း စာအုပ် (၈) အုပ် ထွက်ခဲ့ပါသည်။ထို စာအုပ် (၈) အုပ်တွင် ဦးလှ ကိုယ်တိုင်ကိုပါ အကျဉ်းသားတစ်ဦးအဖြစ် ထည့်သွင်းရေတွက်ပါက အကျဉ်းသား စုစုပေါင်း (၄၄) ဦး၏ ဘဝများအကြောင်း ရေးသားဖော်ပြထားပါသည်။

အမျိုးသားအကျဉ်းသား (၄၀) ဦးနှင့် အမျိုးသမီး (၄) ဦးတို့၏ ပြင်ပဘဝတွင် ကျင်လည်ခဲ့ပုံများ၊ ထောင်တွင်း၌ အကျဉ်းကျခံနေရသည့် ပုဒ်မနှင့် ပြစ်ဒဏ်၊ ထောင်ထဲတွင် နေထိုင်ပြုမူပုံ အကျင့်စရိုက်များမတူ ကွဲပြားကြပုံများကို ရေးသီဖော်ပြထားပါသည်။

ဤတွင် “အမြ” အား ထောင်ကျယောက်ျားစာရင်း၌သာ ထည့်သွင်းဖော်ပြထားပါသည်။ထို့ပြင် စာနှင့် စကားအသုံးအနှုန်းများကို လူထုဦးလှခေတ်က အရေးအသား အသုံးအနှုန်းများအတိုင်း ပြန်လည်ရေးသား ဖော်ပြထားပါသည်။

ထိုအကျဉ်းသား (၄၄) ဦးအနက် လူထုဦးလှတ စ်ဦးတည်းသာ ပုဒ်မ-၅ ဖြင့် အကျဉ်းကျလာသူ၊ ရာဇဝတ်မှုဖြင့် ရောက်လာခြင်း မဟုတ်သူ။ပြင်ပဘဝကလည်း စာရေးဆရာ၊ သတင်းစာဆရာအဖြစ်ဖြင့် ရပ်တည်လာသူဖြစ်ပါသည်။

ကျန် အကျဉ်းသား (၄၃) ဦးအနက် စာတတ်ပေတတ် ဘွဲ့ရပညာတတ်တစ်ဦးမျှ မပါဝင်ပါ။ဘုန်းကြီးကျောင်းထွက်နှင့် အစိုးရကျောင်း၊ အလွတ်ပညာသင်ကျောင်းများတွင် အတန်းပညာသင်ကြားခဲ့ဖူးသူ (၃၇) ဦးနှင့် ပညာလုံးလုံးမသင်ကြားခဲ့ရသူ (၆) ဦး ပါဝင်ပါသည်။ရင်နင့်ဖွယ်ရာကား (၄၃) ဦးထဲတွင် ကလေး (၅) ဦး ပါဝင်နေခြင်းဖြစ်ပါသည်။

တစ်ဖန် သူတို့ထဲတွင် အစိုးရအရာထမ်း တစ်ဦးမျှ မပါဝင်ဘဲ အစိုးရအမှုထမ်း (၄) ဦး ပါဝင်ပါသည်။ကျန် အကျဉ်းသားအားလုံး အလုပ်ကြမ်းသမားများ၊ ခိုးဝှက်ဖောက်ထွင်း လုယက်သူများ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ ပျံကျသမားများနှင့် ခန္ဓာကိုယ်ဖြင့် ရင်းနှီးပြီး ဘဝရပ်တည်ရသည့် အမျိုးသမီးများ ဖြစ်ကြပါသည်။

အစိုးရအမှုထမ်း (၄) ဦးအပါအဝင် အဆိုပါ အကျဉ်းသူ၊ အကျဉ်းသား (၄၃) ဦး ထောင်တွင်းရောက်လာရသည့် အဓိကအကြောင်းရင်းများကို စေ့ငုဆန်းစစ်သော်...

           ၁။ ခေတ်နှင့် စနစ်ကြောင့်    
           ၂။ လူမှုရေးပြဿနာများကြောင့်
           ၃။ ကံကြမ္မာကြောင့်
           ၄။ ပင်ကိုယ်စရိုက်ကြောင့် - ဟူသည့် အဓိကအချက် (၄) ချက်ကို တွေ့ရှိရပါသည်။

ထိုအချက် (၄) ချက်အနက် ကံကြမ္မာယိုးမယ်ဖွဲ့လာသဖြင့် အကောင်းဘက်လှည့်လာမည့်ဆဲဆဲ အဆိုးဘက်ကို ဘဝတစ်ခုလုံး ရောက်ရှိသွားခဲ့ရသည့် အကျဉ်းသားတချို့၏ဘဝကို လူထုဦးလှ၏ ထောင်စာအုပ်များတွင် တွေ့မြင်ရပါသည်။ကံကြမ္မာဆိုးအား ခေတ်နှင့် စနစ်က ထပ်မံနှိပ်စက်လိုက်ပြန်သောအခါ ထိုသူတို့၏ အဆိုးဘဝများမှာ အကောင်းဘက်သို့ ဦးမမော့နိုင်တော့ဘဲ အဆိုးထဲမှာပင် တဝဲလည်လည်ဖြစ်နေရပုံများကို စိတ်မသက်မသာဖွယ်ရာ ဖတ်ရှုကြရမည်ဖြစ်ပါသည်။

ခေတ်နှင့် စနစ်ကြောင့်လည်းကောင်း၊ မိဘများ၏ ဘဝရပ်တည်မှုကင်းမဲ့ခြင်းမှ ဆက်နွယ်လာသည့် ဘေးထွက်ဆိုးကျိုးများကြောင့်လည်းကောင်း၊ ကလေးများ ထောင်ထွင်းရောက်လာရခြင်း၊ လူငယ်လူလတ်များ ရာဇဝတ်မှု ကျူးလွန်ကြခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။

အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီဘဝဖြင့် ကာလတာရှည်နေကြရခြင်း၊ မြန်မာနိုင်ငံသည် ဂျပန်အဝင်၊ ဂျပန်အထွက် စစ်မြေတလင်းဖြစ်ရခြင်းတို့အပါအဝင် အင်္ဂလိပ်-မြန်မာစစ်ပွဲ (၃) ပွဲ၊ ဂျပန်အဝင်နှင့် အထွက် စစ်ပွဲ (၂) ပွဲ၊ စုစုပေါင်းစစ်ပွဲ (၅) ပွဲ၏ ဒဏ်ရာဒဏ်ချက်များသည် မြန်မာတစ်ပြည်လုံးအပေါ်၊ မြန်မာလူထုအပေါ်၊ အထူးသဖြင့် ကျေးလက်လူထုအပေါ် နက်ရှိုင်းစွာ ဆိုးကျိုးအထွေထွေ သက်ရောက်စေခဲ့ကြောင်း လူထုဦးလှ၏ ထောင်စာအုပ်များက ဖော်ပြလျက်ရှိပါသည်။

တစ်ဖန်စစ်ပွဲကြောင့် တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးရရုံသာမက ကလေးနှင့် အမျိုးသမီးများ၏ဘဝများ အကာကွယ်ကင်းမဲ့ပုံ ထိခိုက်ကျိုးပဲ့ပုံများကိုလည်း တွေ့မြင်ကြရပါမည်။ထောင်ကျအမျိုးသမီး (၄) ဦးစလုံး၏ ဘဝပျက်ရခြင်းမှာ ကာယကံရှင်များက လိုလား၍ မကောင်းသည့်ဘဝသို့ သက်ဆင်းခြင်း မဟုတ်ဘဲ စီးပွားရေးကြောင့်၊မကောင်းသည့် လူမှုပတ်ဝန်းကျင်ကြောင့်၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ရက်စက်ယုတ်မာသည့်နည်းဖြင့် ငွေရှာကြသူများကြောင့်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။

ထို့ပြင် အင်္ဂလိပ်အစိုးရလက်ထက် ဆိုးဝါးလှသည့် အကျဉ်းထောင်စနစ်၊ ဖက်ဆစ်ဂျပန်အစိုးရလက်ထက် ပိုမိုဆိုးဝါးလာသည့် ထောင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီခေတ်တွင် ထောင်စနစ်တချို့ကို ပြုပြင်ဖြစ်ခဲ့သည်ဆိုသော်လည်း အကောင်းဘက်သို့ လုံးလုံးလျားလျား ပြောင်းလဲလာခြင်း မဟုတ်ဘဲ အဆိုးသက်သာရုံမျှသာ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း စာဖတ်သူတို့ တွေ့မြင်နိုင်ပါသည်။

အင်္ဂလိပ်တို့ မြန်မာပြည်အား ခွဲခြမ်းသိမ်းယူထားစဉ်မှစ၍ တစ်ပြည်လုံးကို သိမ်းပိုက်နိုင်ချိန်ထိ ကျင့်သုံးခဲ့သည့် ထောင်စနစ်သည် မြန်မာတို့အား စိတ်ရောကိုယ်ပါ နာလန်မထူစေရန် စနစ်တကျ အကွက်ချဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။

ထိုကာလတစ်လျှောက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သည့် အကျဉ်းထောင်စနစ်နှင့် အင်္ဂလန်တွင် ကျင့်သုံးခဲ့သော အကျဉ်းထောင်စနစ်နှစ်ခုအား နှိုင်းယှဉ်လေ့လာပါက မြန်မာတို့အပေါ် ဆက်ဆံပြုမူပုံမျိုး၊ ၎င်းတို့အမျိုးသားအချင်းချင်းအပေါ် မပြုကျင့်ခဲ့၊ မညှဉ်းပန်းခဲ့ကြောင်း တွေ့ကြရမည် ဧကန်ဖြစ်ပါသည်။

အင်္ဂလိပ်အစိုးရ၏ ထောင်တွင်း ပရိယာယ်ပါပါ ညှဉ်းပန်းနှိပ်စက်မှု၊ ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို လွတ်လပ်ရေးရပြီးနောက် ပထမဆုံး တက်လာသည့် မြန်မာအစိုးရအနေဖြင့် ချက်ချင်း ဆက်လက်ရင်ဆိုင်လိုက်ရသော ပြည်တွင်းစစ်မီးကြောင့် အကျဉ်းထောင်အပါအဝင် လူမှုရေးဆိုင်ရာ ပြုပြင်ကယ်ဆယ်စောင့်ရှောက်နိုင်မှုအားနည်းလှကြောင်း တွေ့မြင်ဖတ်ရှုကြရပါမည်။

ထို့ကြောင့် စနစ်ဆိုးတစ်ခု သန္ဓေတည်ပြီဆိုပါက ထိုစနစ်ဆိုးကို ဖယ်ရှားပြုပြင်နိုင်ရန် မလွယ်ကူကြောင်း လူထုဦးလှ၏ ထောင်စာအုပ်များက ထောက်ပြလျက်ရှိပါသည်။

ဒုတိယအကြီးမား အကျယ်ပြန့်ဆုံး ပြဿနာကား မြန်မာ့လူ့ဘောင်လောက၏ ထိုစဉ်က လူမှုရေးပြဿနာအဝဝဖြစ်ပါသည်။တိုင်းပြည် ကျွန်သက်ရှည်ခဲ့ခြင်း၊ စစ်ဘေးစစ်ဒဏ် အကြိမ်ကြိမ်ကြုံခဲ့ရခြင်းတို့၏ ဒဏ်ရာဒဏ်ချက်များက အခြေခံလူတန်းစားအပေါ် အများဆုံးကျရောက် ထိခိုက်နစ်နာစေခဲ့ပါသည်။

လူထုဦးလှ၏ ထောင်ဇာတ်ဆောင်အများစုမှာ ကျေးလက်တောရွာများမှ ဖြစ်နေကြပါသည်။မြို့နေလူတန်းစားများ ပါဝင်သော်လည်း သူတို့သည် ချမ်းသာကြွယ်ဝသော ပညာတတ်၊ အရာရှိ၊ အရာခံ အသိုင်းအဝိုင်းမှ မွေးဖွားလာသူဟူ၍ တစ်ဦး နှစ်ဦးစသာ ပါဝင်ပါသည်။

ကျန်ထောင်ဇာတ်လိုက်များသည် သာမန်လက်လုပ်လက်စား မိဘများက ပေါက်ဖွားလာကြသူများသာ ဖြစ်ကြပါသည်။

မိဘများ စီးပွားရေးအဆင်မပြေခြင်းနှင့် သားသမီးအား ပြုစုပျိုးထောင်ပေးနိုင်စွမ်းသည့် ပညာနှင့် အသိဉာဏ်ကင်းမဲ့ခြင်းကြောင့်လည်းကောင်း၊ မိဘများ ကွယ်လွန်ကြခြင်းကြောင့်လည်းကောင်း၊ မိဘတို့ အိမ်ထောင်ပြိုကွဲပြီး အိမ်ထောင်သစ် ထူထောင်ရာ၌ မူလအိမ်ထောင်နှင့် ပွားစီးခဲ့သည့် သားသမီးများအား ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်စေခြင်း စသည့် လူမှုရေးအကြောင်းများပေါ် အခြေခံလျက် ထောင်တွင်းသို့ ရောက်လာကြသူများက အများစုဖြစ်ကြပါသည်။

ဤလူမှုရေးပြဿနာ၌ပင် မိကွဲဖကွဲများ၊ အိုးအိမ်သစ်ထူခြင်း၊ မိဘများဆုံးပါးခြင်းကြောင့်ဖြစ်ရသည့် ပြ ဿနာများထက် မိဘတို့၏ မပြေလည်သော စီးပွားရေးကြောင့် ကလေးငယ်များ၊ မိန်းမများနှင့် လူငယ်လူရွယ်များအပေါ် ဆိုးကျိုးသက်ရောက်မှုက ပိုမိုကြောင်း တွေ့ရှိရပါသည်။

ကံကြမ္မာအလှည့်အပြောင်းကြောင့်ဟု ထောက်ပြနိုင်လောက်သည့် ဘဝဆိုးများလည်း ပါဝင်ပါသည်။

ဥပမာ - စစ်၊ အချစ်နှင့် ထောင်မှဇာတ်ဆောင် ထွန်းမြင့်သည် မိဘများ ဆင်းရဲလှသဖြင့် တခြားမိသားစုထံ ထမင်းစားကျွန်ခံဘဝဖြင့် ပြောင်းရွှေ့နေထိုင်ရသည်မှစ၍ ဘဝကံကြမ္မာက အကောင်းဘက် ပြောင်းလုဆဲဆဲဖြစ်နေစဉ် အဆိုးဘက်သို့ ရောက်သွားပြန်၏။အဆိုးဆုံးအခြေအနေများကိုကျော်ဖြတ်ပြီးနောက် အကောင်းဘက် ကူးပြောင်းစမှာပင် နောက်ထပ်တစ်ဖန် အဆိုးဘက်သို့ ပြန်ရောက်သွားရခြင်းမျိုး အကြိမ်ကြိမ်ကြုံရပြီး နောက်ဆုံးတွင်မူ ထောင်တွင်းသို့ အကျဉ်းသမားဘဝဖြင့် ရောက်ရလာရပေသည်။

အလားတူပင် ကလေးဘဝမှစ၍ ဘဝတွင် အလွန်ကြမ်းတမ်းဆင်းရဲစွာ တစ်မျိုးပြီး တစ်မျိုး တွေ့ကြုံခဲ့ရစေကာမူ ရိုးသားပြီး ကျေးဇူးတရားသိတတ်သူ၊ ဘဝကိုကြိုးစားရုန်းကန်သူ ဖြစ်ခဲ့ပါလျက် အချစ်ဦးနှင့် လွဲရခြင်း၊ အိမ်ထောင်ကျပြီးနောက် နှစ်အနည်းငယ်အတွင်း ဇနီးသည် ဆုံးပါးသွားခြင်း စသည့် အဖြစ်များဖြင့် ကံဆိုးမိုးမှောင်ကျလာခဲ့သူ ထွန်းတင်အကြောင်း ရေးဖွဲ့ထားသည်မှာ "မနီးတဲ့ ဘဝခရီး" ပါသည်။

လူကြောင့်ထက် ကံကြမ္မာ၏ အလှည့်အပြောင်းများကြောင့် ဘ၀အမောဆိုက်ခဲ့သူ အကျဉ်းသားတစ်ဦး၏အဖြစ်အား စာနာ သနားမဆုံး ဖြစ်ကြရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

ဆိုးဝါးလွန်းသည့် လောကဓံမကြုံခဲ့ရသော်လည်း ပင်ကိုယ်ဗီဇက မကောင်းမှု၌သာ မွေ့လျော်လိုခြင်း၊ ရိုးရိုးသားသား တည်တည်ငြိမ်ငြိမ် သမားရိုးကျ အသက်မွေး၀မ်းကျောင်းမှုဖြင့် မနေနိုင်သည့် လူစားမျိုးများလည်း ရှိကြကြောင်း "အားလုံးကောင်းကြရဲ့လား" မှ ချစ်သဲ၊ "လေနှင့်အတူ" မှ တင်မြင့်တို့၏ အဖြစ်အပျက်များက သက်သေခံလျက်ရှိပါသည်။

ချစ်သဲသည် သွေးဆူလွယ်သူဖြစ်ပြီး တုတ်တပြက် ဓားတပြက် ထစ်ခနဲရှိ လုပ်တတ်သူ၊ အရက်၊ ဖဲ၊ လောင်းကစား၊ မိန်းမ အလုံးစုံ လိုက်စားသူ။ (၁၄) နှစ်သားကပင် ထောင်တွင်းသို့ စတင်ရောက်ဖူးခဲ့သူဖြစ်၏။လူထုဦးလှနှင့် ဆုံသည့်အခါ ချစ်သဲ ထောင်တွင်း ဝင်ထွက်နေသည်မှာ (၉) ကြိမ်မြောက် ဖြစ်၏။

"လေနှင့်အတူ" မှ တင်မြင့်သည် ဖောက်ထွင်းမှု၊ ခိုးဝှက်မှု၊ လုယက်မှုများကို ထမင်းစားရေသောက်လုပ်ကိုင် အသက်မွေးရခြင်း၌ ပျော်မွေ့သူဖြစ်၏။တင်မြင့်၏ စရိုက် ပြောင်းသွားစေရန် မိန်းမက တောသို့ပြန်ခေါ်ပြီး အိမ်ဆိုင်ဖွင့်လျက် အေးချမ်းသည့် ဘဝဖြစ်ရန် ကြိုးပမ်းရှာသည်။တင်မြင့်က ဤသို့ အပြောင်းအလဲမရှိ၊ စွန့်စားမှုမရှိ၊ စိတ်လှုပ်ရှားမှုမရှိသည့် ဘဝမျိုးတွင် ရေရှည်မနေနိုင်။

ဇနီးနှင့်သားကို တောတွင် ပစ်ထားခဲ့ပြီး ရန်ကုန်သို့ တိတ်တဆိတ် ပြန်လာ၏။ယခင် သူကျင်လည်ခဲ့သည့် ဒုစရိုက်လုပ်ငန်းများ ပြန်လုပ်ကိုင်၏။သို့ဖြင့် ပြင်ပကမ္ဘာနှင့် ထောင်ကို ကူးချည်သန်းချည် နေထိုင်ရသူတစ်ဦး ဖြစ်လာတော့သည်။

          (ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး