【 ‌ဆောင်းပါး 】 မောရစ်ကောလစ်၏ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၁)

【 ‌ဆောင်းပါး 】 မောရစ်ကောလစ်၏ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၁)

စာပေနဲ့မဝေးတဲ့သူဆိုရင် မောရစ်ကောလစ်ရဲ့ ကလောင်အမည်ကို ရင်းနှီးပါလိမ့်မည်။

သူက အိုင်စီအက်စ် (အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း) ဖြစ်ပါသည်၊ မြန်မာနိုင်ငံတွင် အရေးပိုင်အဖြစ် အမှုထမ်းရန် လန်ဒန်ကရောက်လာသူဖြစ်ပါသည်။

ယခုအချိန်ထိ မြန်မာများ မှတ်မှတ်မိမိရှိသော အင်္ဂလိပ်အမှုထမ်းများထဲတွင် သူတစ်ယောက်အပါအဝင်ဖြစ်ပါသည်။များများတော့လည်းမရှိပါ။သူ့ကံနည်းနည်းဆိုးသည်၊ သူအမှုထမ်းရန် ရန်ကုန်သို့ရောက်လာသောအချိန်အခါတွင် ဒီမှာက ဆူဆူပူပူ လှုပ်လှုပ်ရှားရှားနှင့် အင်္ဂလိပ်အစိုးရကို တောင်းပွဲတွေ တိုက်ပွဲတွေ တချိန်းချိန်းဖြစ်နေသည်။သူက မြန်မာများအပေါ် စေတနာမှန်သူဆိုတော့ သူနှင့် အခြားအိုင်စီအက်စ်များအကြားမှာ အစပ်အဟပ်မတည့်တာတွေဖြစ်ကြသည်။သူကလည်းအလျှော့မပေး။သူတို့အရာရှိများဆုံကြသော ပဲခူးကလပ်၊ ဂျင်မခါနာကလပ်များတွင် သိုးမည်းတစ်ကောင်ဖြစ်လာသည်။ကျနော် သူ့ကိုနှစ်သက်သည်က သူ၏စာရေးဆရာဖြစ်ချင်စိတ်အိပ်မက် အတော်ကြီးမားခြင်းကိုဖြစ်သည်။
အဲဒီစိတ်ကြောင့် အခြားအိုင်စီအက်စ်များနှင့်မတူဘဲ ပင်စင်ယူပြီးချိန်မှာ စာရေးဆရာဖြစ်လာသည်။

စကားကြုံတုန်း ပြောချင်သေးသည်။ကျနော်ကြုံဖူးသမျှ ပင်စင်ယူရင် စာရေးမည်ဟုဆိုသူများ ဆယ်ယောက် တစ်ယောက်မဖြစ်ပါ။တချို့ လေးစားဖွယ် စာဖတ်နိုင် လေ့လာနိုင်သောသူ အများအပြားလည်း တွေ့ဖူးသည်။စာဖတ်သူကောင်းတယောက်ဖြစ်သည်မှာ မှန်၏။သို့သော် စာရေးခြင်းအတွေ့အကြုံ သူ့မှာမရှိ၊ ကောလစ်က ဖြစ်လိုစိတ် အတော်အားကြီးသည်၊ ဖြည့်ဆည်းမှုတွေများစွာရှိသည်။လုံ့လဝီရိယရှေ့သွားရှိသည်။သူ၏ ဆိုင်ယံဝှိုက် (ယိုးဒယားဝှိုက်) ဝတ္ထုမှာ ၁၅ ရာစုလောက်က အရှေ့တိုင်းကိုလာ၍ ကုန်သွယ်သော။အခွင့်သာလျှင် ပင်လယ်ဓားပြ လုပ်ကြသော လောဘဇောတက်သူ နှစ်လမ်းသွားခဲ့ကြသောသူများရှိခဲ့ကြသည်။ထိုအဖြစ်ကို မော်ကွန်းတိုက်ကြီးတွေ စာကြည့်တိုက်ကြီးတွေမှာ လက်တစ်ဆုံး၌ လေ့လာပြီးမှရေးသော ဝတ္ထုဖြစ်ကာ ကမ္ဘာကျော်ခဲ့သည်။

ယခု စာအုပ်မှာ ထိုကာလက အရေးပိုင်အနေဖြင့် တရားစီရင်ရေးတာဝန် ထမ်းဆောင်ရစဉ်က စီရင်ရသော အမှုများအကြောင်းရေးထားသော မှတ်တမ်းစာအုပ်ဖြစ်သည်။မှတ်တမ်းမျှမက ရသလည်းပါသည်။သူသည် တရားစီရင်ရာတွင် ဘယ်သူ့မျက်နှာမှမထောက်၊ သူ၏အင်္ဂလိပ်အသိုင်းအဝိုင်းကိုလည်းပြောသည်။သူ၏အမှုထမ်းသက်ကာလများအတွင်း (တရားစီရင်ရသည်များမှာ) စိတ်အရှုပ်ရဆုံးဟု ပြောသည်။တရားနည်းလမ်းအတိုင်း စီရင်ရလျှင် အင်္ဂလိပ်အရာရှိတို့ကို ငဲ့မှာလား။သူကမျက်နှာမငဲ့။အိန္ဒိယက မဟတ္တမဂန္ဒီ၏ ရဲဘော်ကြီး ဆင်းဂုပ္ပတားအမှုမှာ နိုင်ငံရေးအမှုကြီးဖြစ်သည်။အင်္ဂလန်အထိပါ အလွန်ဂယက်ရိုက်သည်။ဤအမှုကြောင့် အင်္ဂလိပ်တွေ နာမည်ပျက်ပြီး မဟတ္တမဂန္ဒီတို့၏ ကွန်ဂရက်အဖွဲ့ကြီး နာမည်တက်သွားသည်။

ရယ်စရာဟာသဟူ၍ပင် သတိထားမိလေမလားတော့မသိပါ။ပုလိပ်တွေက သူတို့ကြည့်မရသူတွေကို ၁၀၉-၁၁၀ အလုပ်အကိုင်မရှိသူဟူ၍ သူတို့အလုပ်မရှုပ်လျှင်ပြီးရော တရားရုံးသို့ ပို့တတ်သည်။တရားရုံးကလည်း ဆင်ခြင်မကြည့်တော့ဘဲ။ပုလိပ်ကတင်လာတာ ဟုတ်မှာပါဟု။ဒဏ်ငွေသော်လည်းကောင်း ထောင်ဒဏ် ရက်လအနည်းငယ်သော်လည်းကောင်း အပြစ်တစ်ခုခုပေးလိုက်သည်။သူတို့ကိုယ်သူတို့ ယဉ်ကျေးလှလေပြီဟု အထင်ရှိတော်မူသော ကိုကိုအင်္ဂလိပ်က မယဉ်ကျေးသောလူဟု အထင်ရှိသော ဗမာတို့၏ ဓလေ့စရိုက်ကို မသိဘဲနှင့် ထင်ရာမြင်ရာဆုံးဖြတ်၍ အပြစ်ပေးတော်မူသည်မှာ များလှပေပြီ။

တစ်ရက်တွင်တော့ ကိုရွှေပုလိပ်က ဦးရှင်ကြီးနတ်တင်သော (ဥပသကာကဲ့သို့) သူ တစ်ယောက်ကို အလုပ်မရှိအကိုင်မရှိ လူလေလူလွင့်ပုဒ်မနှင့် ရုံးတင်လိုက်၏။တရားသူကြီးက သေချာဂဂဏဏ မေးမြန်းသည်။တရားခံကဖြေရ၏။မေးရင်းဖြေရင်း အဖြစ်မှန်က ရုပ်လုံးပေါ်လာသည်။အောက်ဗမာပြည် မြစ်ဝကျွန်းပေါ်ရပ် ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်ဘက်တွင် ရေလုပ်သားအများ စက်လှေပိုင်အများက ဦးရှင်ကြီးနတ်ကို ပူဇော်ပသကြသည်။နှစ်စဉ် ပွဲကြီးလမ်းကြီး ခမ်းခမ်းနားနားကျင်းပသလို စက်လှေတစ်ခါထွက် တစ်ကြိမ်ပသသည်လည်းရှိ၏။အင်္ဂလိပ်ပုလိပ် ကုလားပုလိပ်ကတော့ အဲဒါတွေမယုံ။မြင်ရတွေ့ရတာမဟုတ်၊ လက်တွေ့မဟုတ်၍ လက်မခံ။သူတို့က ဗမာမှမဟုတ်ဘဲ ဘယ်ယုံမလဲ။ဗမာကယုံသည်။အင်္ဂလိပ်ကုလား မယုံလည်း မတတ်နိုင်။သို့သော် လက်တွေ့မှာ တရားခံက ရုံးရောက်နေပြီ။တစ်ဘက်မှာ ယုံကြည်မှုတိမ်းညွှတ်မှုကို အခြေခံနေသည်။တရားသူကြီးလည်း ရှောင်လို့မရ ဆုံးဖြတ်ပေးရပေမည်။သို့နှင့် နောက်တစ်ပတ် ရုံးချိန်းလိုက်သည်။

တရားသူကြီးကလည်း ဗမာ့ဓလေ့တွေကို စေ့ငုလေ့လာသည်။လေ့လာရင်း အထက်ဗမာပြည်က နတ်ကနားပွဲနှင့် နတ်ကတော်အကြောင်း တွေ့သည်။နတ်ကတော်တွေက မျိုးရိုးဆက်ခံ အမွေခံသဘောတွေရှိသည်။တချို့အမွေလုကြရင်း တရားမအမှုအဖြစ် ရင်ဆိုင်လျက်ရှိဆဲ၊ သို့နှင့် နတ်မှတ်တမ်းတွေ ယူငင်လေ့လာသည်။အရေးကြီး နတ်အကြောင်း ပေမူတွေက အင်္ဂလိပ်စာကြည့်တို့က်တချို့ အိန္ဒိယစာကြည့်တိုက်တချို့မှာသာရှိသည်၊ ပေမူပင်လျှင် တစ်ဆင့်ကြားဖြစ်နေသည်။ပေမူတစ်စုံက မြဝတီမင်းကြီး ဦးစ၏ မူဖြစ်သည်၊၊ သူတို့အင်္ဂလိပ်တွေမှာလည်း အရေးပိုင်မင်း ဝစ်လျံ အယ်လ် ဘရက်တိုး၏ “မြန်မာအင်ပိုင်ယာ ရာဇဝင်တော်” ဟုခေါ်သော သူတို့အရာရှိများ လေ့လာရန် (နှစ်တွဲ) ရှိသည်။ဘရက်တိုးက သူတို့အသုံးကျနိုင်ရန် ဗမာများနှင့်ဆက်ဆံရာတွင် အဆင်ပြေစေရန် ဗမာသမိုင်းအကြောင်းကို ဟောပြောထားတာရှိသည်၊၊မြန်မာဆရာများက မြန်မာလိုပြန်ဆို ကူးရေးပြီး စာအုပ်ထုတ်ထားသည်။လေးကျွန်းတစ်မြင်းမိုရ်အထိပါသည်။

ရုံးချိန်းရောက်တော့ အမှုကိုင်များရောက်လာသည်။သူတို့က အပြစ်တစ်ခုတော့ပေးလေမည်။အရင်က တရားသူကြီးအဆက်ဆက် အပြစ်ပေးသည့် အစဉ်အလာရှိသည်။ယခုလည်း ဤသို့ပင်ထင်ထားသည်။နတ်ဝင်သည် နတ်ကတော်များ ခင်မင်သူများ လာကြ နားထောင်ကြသည်။စီရင်ချက်မှာ မြန်မာတို့၏ ဓလေ့စရိုက်ကို သိရှိရန်လိုကြောင်းလည်းပါသည်။ပုလိပ်တွေက တရားသူကြီးသည် ဘာလို့ ဒါတွေပြောနေသလဲ နားမလည်။ဗမာတွေကို မြှောက်ပေးလို့မရ၊ တရားသူကြီးလုပ်နေပြီး ဒါလောက်မှ နားမလည်ဘူးလား စိတ်ထဲမှာအပြစ်တင်နေသည်။လာရောက်နားထောင်သူများကလည်း အထူးအဆန်းကြီးတွေ ကြားနေရသလိုရှိသည်။ပုလိပ်ကလည်း ဗမာတွေ ဇောင်းကြွမလာဖို့ ကြောက်ရွံ့နေကြဖို့သာ အဓိကဖြစ်နေသည်။

တရားသူကြီးက အမှုကို တရားသေလွှတ်လိုက်သည်။ဦးရှင်ကြီးနတ်တင်ခြင်းမှာ ဗမာတို့အတွက် ယုံကြည်မှုဖြစ်၍ အရေးပါသည်။နတ်တင်သည့်ကိစ္စမှာ သူတို့အုပ်ချုပ်ရေးအတွက် ဘာမျှလည်းမထိခိုက်။အချုပ်ဆိုရလျှင် အလုပ်မရှိအကိုင်မရှိ လူပေလူလွင့် ပုဒ်မ ၁၀၉-၁၁၀ နှင့် ပုလိပ်ကတင်လာသဖြင့် ဤသို့မဟုတ်ကြောင်း ဆုံးဖြတ်နိုင်ဖို့က အရေးကြီးဆုံးဖြစ်သည်။ဦးရှင်ကြီးနတ်တင်ခြင်းမှာ အလုပ်ဖြစ်သည်ဟု ဆုံးဖြတ်ပေးလိုက်သည်။သတင်းစာမှာလည်းပါလာသည်။ပုလိပ်တွေ အမှားအမှန်မစဉ်းစား သောက်မြင်ကတ်ပုဒ်မဖြင့် အလွယ်ရုံးတင်ခြင်းကို ဟန့်တားနိုင်လိုက်သည်။

ဤအမှုမှာ သေးသေးမွှားမွှားသာရှိသေးသည်။အိန္ဒိယ ကွန်ဂရက်ခေါင်းဆောင် ဆင်းဂုပ္ပတားအမှုဆိုလျှင် ပိုစိတ်ဝင်စားစရာကောင်းသည်။

အိန္ဒိယမှာနေ၍ စင်္ကာပူတွင် ဆေးကုရန် ထွက်လာသူကို အိန္ဒိယတရားရုံးက စွဲတင်၍ ဗမာပြည်တွင် ရုံးတင်စစ်ဆေးစေခြင်းဖြစ်သည်။

အမှုတွေက စိတ်ဝင်စားစရာကြီးတွေ ဆက်ကြရအောင်။

လင်းထင်