【 ‌ဆောင်းပါး 】 ရေမြေသဘာဝ ယဉ်ကျေးမှုအလှ

【 ‌ဆောင်းပါး 】 ရေမြေသဘာဝ ယဉ်ကျေးမှုအလှ

၂၀၁၈ ခုနှစ်တုန်းက တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ကို အလည်အပတ်ရောက်သွားတော့ ခရီးသွားဧည့်တွေကို ဘယ်လိုတွေ ဆွဲဆောင်နေသလဲဆိုတာ ကောင်းကောင်းမြင်ခဲ့ဖူးတယ်။ဟန်ကျိုးမြို့ဆိုတာ ပြည်ပဧည့်တွေ အလုံးအရင်းနဲ့ ဝင်ထွက်သွားလာနေတဲ့မြို့မို့ ခရီးသွားလုပ်ငန်းနဲ့ ငွေရှာတဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ မြို့လို့လည်း ဆိုနိုင်တယ်။

ဟန်ကျိုးဟာ ရှေးနှစ်များစွာကတည်းက ပိုးထည်တွေထုတ်လုပ်တဲ့ မြို့ဖြစ်လို့ ဒီနေ့ထိတိုင် ပိုးထည်ဈေးကွက်က ဟီးလို့။ပိုးထည်ကုမ္ပဏီတစ်ခုဆီ ကျနော်တို့ရောက်သွားတော့ စစချင်း ဗီဒီယိုပြတဲ့အခန်းထဲခေါ်သွားကာ ရှေးသရောအခါ တရုတ်ပြည်က ပိုးထည်တွေရဲ့အစကစလို့ ပိုးလမ်းမကြီးကနေတစ်ဆင့် တရုတ်ပိုးထည်တွေ ကမ္ဘာကို ပျံ့နှံ့ခဲ့ပုံကနေ ဒီနေ့ခေတ်အထိ အဆင့်ဆင့်ပြောင်းလဲလာတဲ့ ပိုးထည်တွေအကြောင်း တခမ်းတနား ရိုက်ကူးထားတဲ့ ပိုးထည်မှတ်တမ်းရုပ်ရှင်ကို အရင်ပြတယ်။

သူတို့က ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ အုပ်စုလိုက်လာတဲ့ နိုင်ငံခြားသားဧည့်ဆိုရင် ကြည့်ချင်ရင် အဲဒီမှတ်တမ်းရုပ်ရှင် အရင်ပြလေ့ရှိသတဲ့။ဘာပဲဖြစ်ဖြစ် မှတ်တမ်းရုပ်ရှင်အရင်ကြည့်ပြီးမှ တကယ့်ပိုးထည်တွေကို လိုက်ငေးရတာက အရသာတစ်ခု ထွက်ပေါ်လာတာ သေချာတယ်။ပြီးတော့ အရောင်းပြခန်းထဲက ပိုးထည်တွေကိုကြည့်လိုက်၊ဘယ်ပိုးထည်မှ ဒိတ်အောက်မနေ။ဒီနေ့ခေတ် ဖက်ရှင်နဲ့အညီ လန်းလို့။

"နိုင်ငံခြားသားတွေ မဝယ်တော့လည်း ဘာမှမဖြစ်ဘူး။ကျမတို့ရဲ့ ပိုးထည်ယဉ်ကျေးမှုကို သိသွားတာ အမြတ်ပဲ" လို့ စကားပြန်မလေးကဆိုတော့ ကျနော်ကြွေသွားရတယ်။

ပြီးတော့ ဟန်ကျိုးမှာက ဝါးပင်တွေလည်း တော်တော်ပေါက်တာမို့ ဟန်ကျိုးဒေသထွက် မျှစ်ကို စားခဲ့ရသလို ဝါးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကိုလည်း ဟန်ကျိုးဒေသ ထွက်ကုန်အဖြစ် နိုင်ငံခြားဧည့်တွေကို ရောင်းတာ တွေ့ရတယ်။ဟန်ကျိုးမှာရှိနေတုန်း တစ်ရက်၊ ပြည်ပဧည့်တွေရောက်လေ့ရှိတဲ့ တစ်နေရာမှာ ဝါးနှီးနဲ့ ယက်လုပ်ထားတဲ့ ဇလုံပုံစံလေးကို တွေ့ရတယ်။ကပ်ထားတဲ့ ဈေးနှုန်းကို ကြည့်လိုက်တော့ မြန်မာငွေနဲ့ဆို အဲဒီကာလပေါက်ဈေး ၅ သိန်းလောက်ရှိတာမို့ ဖျားသွားရတယ်။ဘာလို့ ဈေးကြီးနေတာလဲဆိုတော့ လက်နဲ့ယက်လုပ်ထားတာကြောင့်လို့ ဆိုတယ်။

လက်ရာက ကျနော်မြင်ဖူးနေကျ မွန်ပြည်နယ်ဘက်က ဝါးလက်မှုထည်တွေနဲ့ ဘာမှမကွာ။ကျနော်တို့ လက်နဲ့ယက်တဲ့ဟာက သူတို့အရည်အသွေးကို အေးဆေးယှဉ်လို့ရတယ်လို့ ယုံကြည်တယ်။ကွာတာဆိုလို့ အဲဒီဝါးဇလုံပေါ်သုတ်ထားတဲ့ ဆေးလောက်ပဲ။အဲဒီဆေးသားက ဝါးထည်ကို ရေရှည်ခံစေတယ်တဲ့။ကျနော်တို့ဆီမှာ အလွန်ဆုံး တစ်သောင်းတောင် မပေးရတာကို သူတို့ဆီမှာက မြန်မာငွေနဲ့ဆို ၅ သိန်းလောက်။

ဟန်ကျိုးက ပြန်လာပြီးနောက်ပိုင်း ကျိုက်ထီးရိုးဘုရားသွားတော့ ဝါးထည်ပစ္စည်းတွေကို သတိထားကြည့်မိတယ်။ဥပမာ - ရှေးသရောအခါကတည်းက ကလေးများအတွက် ကျိုက်ထီးရိုးအပြန်လက်ဆောင် ဝါးသေနတ်။ကျိုက်ထီးရိုးက ပြန်လာတဲ့ လူကြီးတစ်ဦးဦးက ကျိုက်ထီးရိုးသေနတ် လက်ဆောင်ပါလာတယ်ဟေ့ဆို ကလေးတွေပျော်ကြတယ်။

ကျိုက်ထီးရိုးသေနတ်တွေက ကလေးတွေအတွက် အမြင်ကဆန်းဆန်း ပစ်ချင်စရာကောင်းလှ။ဒါပေမဲ့ တကယ့်တကယ်ပစ်တဲ့အခါကျတော့ အသံလေးနည်းနည်းထွက်အောင် အားစိုက်လှည့်နေရတာကြောင့် အဆင်မပြေ။လှည့်ရတာ အဆင်မပြေသလို အသံထွက်တာလည်း အဆင်မပြေတော့ ကလေးတွေအတွက် ကျိုက်ထီးရိုးသေနတ်ဆိုတာ ကိုင်လို့ပြုလို့ စတိုင်ကျတာကလွဲ အဖိုးမတန်။ဒါကြောင့် ၂ ရက်၊၃ ရက်လောက် ဆော့ပြီးရင် မဆော့ချင်တော့။

အခု ဒီဘက်နှစ် ကျိုက်ထီးရိုးသေနတ်တွေကိုကြည့်။ကျနော်တို့ငယ်ငယ်ကထက် များစွာသာတဲ့ သေနတ်ဒီဇိုင်းမျိုး ထုတ်လုပ်နိုင်ပြီဖြစ်ပေမယ့် ကလေးတွေအကြိုက် ပစ်နိုင်သလားဆိုတော့ မပစ်နိုင်။ဒါကြောင့် ဈေးကွက်သိပ်မဝင်။

ဒီဘက်နှစ်တွေမှာ ကျိုက်ထိုမြို့ထိပ် ရန်ကုန်ဘက်အထွက်မှာ ဝါး၊ ထန်းနဲ့လုပ်တဲ့ နောက်မှီကုလားထိုင်တွေရောင်းတာ တွေ့ရတယ်။ဆိုင်တွေ တန်းစီရောင်းနေတာဆိုတော့ ဈေးကွက်ရှိတဲ့သဘော။အဲဒီကုလားထိုင်တွေ ကြည့်လိုက်ရင်လည်း တကယ့်ကို ထိုင်ချင်စရာကောင်းပါ့။တချို့ကုလားထိုင်တွေ နိုင်ငံခြားကလာတဲ့ ဒရင်းဘက်ကို အတုခိုးထားတဲ့ပုံမျိုး လှဲရပြုရ သက်သောင့်သက်သာရှိလှ။

ပြဿနာက ရေရှည်မခံတာပါပဲ။ဝါးတွေရဲ့ ထုံးစံအတိုင်း တစ်နှစ်ကျော်လာရင် တဖြည်းဖြည်းဆွေးလိုက်လာတာမို့ ကုလားထိုင်ကလည်း တဖြည်းဖြည်းယိုင်နဲ့လာလိုက်တာ ကြာလာလေ ထိုင်ရအဆင်မပြေ ဖြစ်လာလေ။

ဆိုတော့ ရေရှည်ခံအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာ အရေးကြီးအဖြေရှာရမယ့် ပြဿနာဖြစ်လာတယ်။ဒီခေတ်ကြီးထဲမှာ ရေရှည်ခံမယ့် နည်းပညာနဲ့ ဖွဲ့စည်းပုံကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လိုက်ရင် ခဲရာခဲဆစ်မဟုတ်တော့ပေမယ့် ရေရှည်ခံဖို့ဆိုရင် ဈေးနှုန်းလည်းကြီးလာမှာ အသေအချာပါပဲ။ဈေးနှုန်းကြီးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံစရိတ်ကို ကြီးလာမှာမို့ မတတ်နိုင်တာရော ရောင်းရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပါ ရှေ့တစ်လှမ်း မတိုးနိုင်ကြတာလို့ ထင်ရပါတယ်။

ပြီးတော့ နိုင်ငံခြားသားအကြိုက် ဘာတွေလုပ်မလဲဆိုတာ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေနဲ့ ဒေသခံတို့ရဲ့ ဒေသထွက်လက်မှုလုပ်ငန်းတွေ ပေါင်းစပ်အဖြေရှာနိုင်ဖို့က သိပ်အရေးကြီးပါတယ်။မွန်ပြည်နယ်ဘက်မှာဆိုရင် ဝါး၊ ဝါးထွက်ပစ္စည်းနဲ့လုပ်တဲ့ ခမောက်၊ ဦးထုပ်၊ ပလိုင်း၊ ဇကော စတာတွေ ရှိပါတယ်။ဒါပေမဲ့ ပစ္စည်းဒီဇိုင်းတွေက နိုင်ငံခြားသားတွေ မပြောနဲ့ ကိုယ့်နိုင်ငံသားချင်းတောင် အကြိုက်မတွေ့လောက်အောင် ပုံတုံးလွန်းလှတယ်။

များသောအားဖြင့် ခရီးထွက်လာကြတဲ့သူတွေက မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ကိုယ်ခရီးသွားတဲ့ဒေသကထွက်တဲ့ စားစရာနဲ့ ပစ္စည်းပစ္စယတွေကို လက်ဆောင်ပေးတတ်ကြတယ်။လက်ဆောင်ဆိုတာက ဒေသထွက်ဖြစ်ရမယ်၊ အမှတ်တရအဖြစ် ချစ်စရာကောင်းရမယ်၊ဈေးနှုန်းချိုရမယ်။ဥပမာ - ဝါးနဲ့ယက်ထားတဲ့ ခြင်းကလေး။တချို့ခြင်းကျတော့ နည်းနည်းခပ်သေးသေး အလှချိတ်ထားဖို့။တချို့ခြင်းကျတော့ ကိုယ့်အလုပ်စားပွဲပေါ် ဘောပင်လေး ဘာလေးထည့်၊ ဒါမှမဟုတ်၊ ဖုန်းတို့ဘာတို့ထောင်လျက် ထည့်ထားလို့ရမယ့် ချစ်စရာ့ဒီဇိုင်းမျိုးဆိုရင် ဝယ်ချင်ကြမယ် သေချာတယ်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ပြန်များလာမယ့် တစ်ချိန်ချိန်အတွက် အခုကတည်းက ကြိုစဉ်းစားထားသင့်တယ် မဟုတ်လား။ဒေသထွက်ကုန်တွေကို ဘယ်လိုပရိုမိုးရှင်းလုပ်ကြမလဲ။ဒေသထွက်ကုန် လက်မှုထည်ဆိုတာ အဲဒီဒေသရဲ့ ရေမြေသဘာဝနဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုနေတာမို့ သိပ်အရေးကြီးပါရဲ့။ကျတော်တို့ သေချာဖော်ထုတ်ဖို့လိုသလို ရှင်သန်နေတဲ့ ဈေးကွက်တစ်ခုဖြစ်အောင် ပျိုးထောင်နိုင်ကြဖို့ လိုပါတယ်။

ငြိမ်းဆက်