【 ‌ဆောင်းပါး 】 သတိတွဲယှဉ် အဓိဋ္ဌာန်ဝင်

【 ‌ဆောင်းပါး 】 သတိတွဲယှဉ် အဓိဋ္ဌာန်ဝင်

“သတိတစ်လုံး လက်ကိုင်သုံး အဆုံး နိဗ္ဗူတာ” ဆိုသလို တရားဘာဝနာပွားများရာတွင် သတိကောင်းလျှင် နိဗ္ဗာန်တောင်ရောက်နိုင်သည်။

ထို့အတူ သတိတစ်ချက်လစ်လျှင်လည်း ဘာမဆိုဖြစ်သွားနိုင်သည်။

အဓိဋ္ဌာန်ဆိုတာ ဆောက်တည်ခြင်းပါ။ဥပမာအားဖြင့် မနက်တစ်ခါ ညတစ်ခါ ဘုရားရှိခိုးမည်ဟု ဆောက်တည်ထားလျှင် တစ်နည်းအားဖြင့် အဓိဋ္ဌာန်ထားလျှင် ထိုအဓိဋ္ဌာန်အတိုင်း မပျက်မကွက် လုပ်ဆောင်ရသည်။အဓိဋ္ဌာန်အတိုင်း လုပ်ဆောင်နေသမျှ မိမိအတွက် အကျိုးများစွာရှိသည်။

ပထမဆုံးအချက်က မိမိ၏စိတ်ဆန္ဒအတိုင်း ယုံယုံကြည်ကြည်လုပ်ထားသည့်အတွက် မိမိ၏စိတ်စွမ်းအားသည် အပြည့်အဝရှိနေသည်။မိမိသည် အန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ရမည်ဟု ယုံကြည်နေသည်။အကြံအစည်တွေ အောင်မြင်မည်ဟု ယုံကြည်နေသည်။တကယ့်လက်တွေ့မှာလည်း အန္တရာယ်ကင်းပြီး အကြံအစည်အောင်မြင်သည်။

တချို့က ဂုဏ်တော်ပုတီးစိပ်ပြီး အဓိဋ္ဌာန်ဝင်သည်။တချို့က ပဋ္ဌာန်းရွတ်သည်။တချို့က ပရိတ်ရွတ်သည်။တချို့က တရားထိုင်သည်။တချို့က အဓိဋ္ဌာန်အောင်မြင်ဖို့ ဆယ့်ငါးမိနစ်ကြာသည်။တချို့က တစ်နာရီကြာသည်။တချို့က နှစ်နာရီကြာသည်။တချို့က သုံးရက်အဓိဋ္ဌာန်သည်။တချို့က တစ်လအဓိဋ္ဌာန်သည်။တချို့က ရက်ကိုးဆယ်၊ တချို့က တစ်နှစ်၊ တချို့က ဝါတွင်းသုံးလ၊ တချို့က ရာသက်ပန် စသည်ဖြင့် အဓိဋ္ဌာန်ဝင်ကြသည်။မိမိတတ်နိုင်သလောက် မိမိစွမ်းအားရှိသလောက် အဓိဋ္ဌာန်ဝင်ကြသည်။အရေးကြီးသည်က မိမိအဓိဋ္ဌာန်ကို မိမိယုံကြည်ဖို့လိုသည်။မပျက်ကွက်ဖို့လိုသည်။

အဓိဋ္ဌာန်ဝင်သည့် အချိန်ကာလကြာလာသည်နှင့်အမျှ ယုံကြည်စိတ်များလာသည်။သတိအားကောင်းလာသည်။သို့သော်လည်း မကြာခဏဆိုသလို အဓိဋ္ဌာန်ပျက်ဖို့ အကြောင်းတွေလည်း ကြုံရတတ်သည်။အတိတ်ကုသိုလ်ကံကလည်း အကျိုးပေးချိန် မိမိကလည်း အဓိဋ္ဌာန်မှန်နေသည့်အချိန်မျိုးတွင် ချက်ချင်းအကျိုးထူး ခံစားရတတ်သည်။အတိတ်အကုသိုလ် အကျိုးပေးချိန်လည်းဖြစ် မိမိကလည်း အဓိဋ္ဌာန်ပျက်သည့်အချိန်မျိုးနှင့် တိုက်ဆိုင်လျှင်တော့ ပြဿနာတစ်ခုမဟုတ် တစ်ခု ဖြစ်တတ်ပြန်သည်။

အတိတ်အကုသိုလ်ကံပဲ အကျိုးပေးနေလားဆိုတာကို မသိနိုင်သည့်အတွက် လက်ရှိအချိန်တွင် ကိုယ်ကျင့်သီလမပျက် စိတ်စေတနာမကွက်ဘဲ အဓိဋ္ဌာန်ကို သတိမလစ်ဟင်းအောင် ဂရုစိုက်လုပ်မှသာ မိမိအတွက် စိတ်ချရမှာဖြစ်သည်။တချို့တွေဆိုလျှင် နှစ်ရှည်လများ ဝတ်မပျက်အောင် အဓိဋ္ဌာန်မှန်ခဲ့သော်လည်း တစ်ခါတလေလေး အဓိဋ္ဌာန်ပျက်သွားတတ်သည်မှာ အလွန်နှမျောစရာကောင်းလှပေသည်။

ရှေးယခင်က နှစ်ပေါင်းရာချီထောင်ချီ အဓိဋ္ဌာန်မှန်ခဲ့သော ဘုရားလောင်း ဥဒေါင်းမင်းသည် ဥဒေါင်းမအပေါ် သာယာမိပြီး တစ်မနက်လေး အဓိဋ္ဌာန်ပျက်သွားခဲ့သဖြင့် မုဆိုး၏ကျော့ကွင်းမှာ စင်းစင်းမိခဲ့ရဖူးသည်။

ထိုအချိန်က ဘုရားလောင်း ရွှေဥဒေါင်းမင်းသည် ဟိမဝန္တာရှိ ဒဏ္ဍကရွှေတောင်မှာ နေသည်။

ဥဒေါင်းမင်းသည် နေထွက်ချိန်တွင် တောင်ထိပ်ပေါ်မှာရပ်၍  ထွက်ပြူစ နေမင်းကြီးကိုကြည့်ကာ “ဥဒေတယံ စက္ခုမာ ဧကရာဇာ”  အစချီသော ဂါထာကိုရွတ်ပြီး ကမ္ဘာမြေကြီးကို အရောင်အဝါထွန်းလင်းစေသော နေမင်းကြီးကိုရှိခိုးသည်။ပရိနိဗ္ဗာန်စံဝင်ပြီးသော ဘုရားရှင်များနှင့် ဘုရားရှင်၏ ဂုဏ်တော်များကို ရှိခိုးသည်။

နေဝင်ချိန်တွင်လည်း ကွယ်ပျောက်စ နေမင်းကြီးကိုကြည့်ကာ “အပေတယံ စက္ခုမာ ဧကရာဇာ” အစချီသော ဂါထာကိုရွတ်ပြီး ကမ္ဘာမြေကြီးကို အရောင်အဝါထွန်းလင်းစေသော နေမင်းကြီးကို ရှိခိုးသည်။ပရိနိဗ္ဗာန်စံဝင်ပြီးသော ဘုရားရှင်များနှင့် ဘုရားရှင်၏ ဂုဏ်တော်များကို ရှိခိုးသည်။ထိုအကြောင်းတရား၏ အကျိုးပေးမှုကြောင့် ဥဒေါင်းမင်းတွင် မည်သို့သော ဘေးအန္တရာယ်မျိုးမှ မကျရောက် မဆုံတွေ့ခဲ့ရပေ။

တစ်နေ့တွင် သားကောင်လိုက်သော မုဆိုးတစ်ယောက်သည် ဥဒေါင်းမင်းကို မြင်တွေ့သွားခဲ့ပြီး နေရာကိုမှတ်ထားသည်။အိမ်ရောက်သောအခါ ဥဒေါင်းမင်းနှင့်ပတ်သက်သမျှ သူ့သားကိုမှာထားခဲ့သည်။

ဗာရာဏသီမင်း၏ မိဖုရားကြီးသည် တရားဟောနေသော ရွှေရောင်အဆင်းနှင့် ဥဒေါင်းမင်းကို အိပ်မက်မက်ခဲ့သည်။ထို့ကြောင့် ရွှေဥဒေါင်းမင်း၏တရားကို အမှန်တကယ်နာယူလိုသောစိတ် ပြင်းပြခဲ့သည်။မင်းကြီးကိုလည်း ရွှေဥဒေါင်းမင်းကို ရှာပေးဖို့ တောင်းဆိုခဲ့သည်။မင်းကြီးသည် နိုင်ငံအတွင်းရှိ မုဆိုးများကိုခေါ်ယူကာ ရွှေဥဒေါင်းမင်း နေထိုင်သော အရပ်ဒေသကို စုံစမ်းသည်။မုဆိုးသားအဖထံမှ ဒဏ္ဍကတောင်မှာရှိကြောင်း သိရသဖြင့် ဥဒေါင်းမင်းကို အရှင်ဖမ်း၍ ခေါ်လာရန် အမိန့်ပေးသည်။

ခုနစ်နှစ်ကြာ စောင့်ဖမ်းခဲ့သော်လည်း ဥဒေါင်းမင်းကို မည်သူမှဖမ်း၍မရခဲ့ပေ။သို့နှင့် မိဖုရားကြီးရော မုဆိုးပါ သေဆုံးသွားခဲ့ကြသည်။

မင်းကြီးသည် ဖမ်း၍မရသော ရွှေဥဒေါင်းမင်းအပေါ် မကျေမနပ်နှင့် အတော်ဒေါသထွက်သွား၏။ထို့ကြောင့် သူမသေမီ ဟိမဝန္တာတောရှိ ဒဏ္ဍကတောင်တွင်နေထိုင်သော ရွှေရောင်အဆင်းနှင့် ဥဒေါင်းမင်း၏ အသားကိုစားလျှင် မအိုမနာမသေဘဲ နေနိုင်ကြောင်း ရွှေသားပေလွှာပေါ်တွင် မှတ်တမ်းရေးထိုးခဲ့ပြီး နတ်ရွာစံသွားခဲ့သည်။

ခုနစ်ဆက်မြောက်မင်းလက်ထက်သို့ရောက်သောအခါ မုဆိုးများကို ရွှေဥဒေါင်းမင်း ဖမ်းယူရေးအတွက် ခေါ်ယူတိုင်ပင်ပြီး ဆုတော်လာဘ်တော်များပေး၍ တာဝန်ပေးစေခိုင်းသည်။အရည်အချင်းရှိသော မုဆိုးတစ်ယောက်သည် ဥဒေါင်းပျိုမနှင့် မျှားကာ ဖမ်းယူလျှင် ရနိုင်မည်ကို တွေးမိသည်။ထို့ကြောင့် ဥဒေါင်းပျိုမတစ်ကောင်ကို ဖမ်းယူကာ လေ့ကျင့်ပေးသည်။ မုဆိုးက လက်ခုပ်တီးလျှင် ဥဒေါင်းမသည် ကောင်းစွာကလေသည်။မုဆိုးက လက်ဖျစ်တီးလျှင် ဥဒေါင်းမသည် သာယာစွာ တွန်သံပေးလေသည်။

မုဆိုးသည် ဥဒေါင်းမကိုယူ၍ ရွှေဥဒေါင်းမင်းရှိရာ ဒဏ္ဍကတောင်သို့ သွားလေသည်။ဒဏ္ဍကတောင်သို့ရောက်သောအခါ မနက်ပိုင်း ဥဒေါင်းမင်း ဂါထာမကျူးရင့်ခင် ဥဒေါင်းမကို လက်ဖျစ်တီးပြရာ ဥဒေါင်းမက သာယာစွာ တွန်လေသည်။ဥဒေါင်းမ၏အသံအပေါ် အာရုံညွတ်မိသော ဥဒေါင်းမင်းသည် သူရွတ်နေကျ ဥဒေတယံဂါထာကို မရွတ်ဆိုမိချေ။

ထိုအချိန်တွင် မုဆိုးကလက်ခုပ်တီးရာ ဥဒေါင်းမက တောင်ပံများကိုဖြန့်ကာ လှပစွာကပြန်သည်။ ဥဒေါင်းမင်းလည်း ဥဒေါင်းမ၏ ရူပါရုံအပေါ် အာရုံညွတ်မိပြန်သည်။နှစ်ပေါင်းများစွာ လုပ်ခဲ့သော ဥဒေါင်းမင်း၏ အဓိဋ္ဌာန်အလေ့အကျင့်သည် ဥဒေါင်းမတည်းဟူသော ကိလေသာ ကာမဂုဏ်မှာ အာရုံညွတ်ကာ ပျက်သွားခဲ့လေပြီ။

ထိုအခါ မုဆိုးထောင်ထားသော ကျော့ကွင်းသည် ရွှေဥဒေါင်းမင်းကို ကောင်းစွာချည်နှောင်မိလေသည်။ဤသို့ဖြင့် မုဆိုးသည် ရွှေဥဒေါင်းမင်းကို ဖမ်းမိခဲ့သည်။

မင်းကြီး၏ရှေ့သို့ ရောက်သောအခါ ရွှေဥဒေါင်းမင်းက သူ့ကိုအဘယ်ကြောင့်ဖမ်းရသနည်းဟု မေးသည်။မင်းကြီးကလည်း ရွှေပေလွှာမှတ်တမ်းအကြောင်း ပြောပြသည်။

ဥဒေါင်းမင်းက မင်းကြီးကို လောကတွင် မအိုမနာမသေသည့်နေရာ မရှိကြောင်းနှင့် အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်မှလွဲ၍ ခပ်သိမ်းသောအရာတို့သည် အမြဲမရှိ ပျက်စီးတတ်သော သဘောတရားသာရှိကြောင်း တရားဟောသည်။

တရားနာပြီးသည့်နောက်တွင် မင်းကြီးသည် ငါးပါးသီလကိုမြဲအောင် ထိန်းသိမ်းကျင့်ကြံခဲ့လေသည်။ဥဒေါင်းမင်းလည်း နှစ်ရက်သုံးရက်နေပြီးနောက် ဟိမဝန္တာရှိ ဒဏ္ဍတောင်သို့ ပြန်သွားခဲ့လေသည်။

နှစ်ပေါင်းများစွာ အဓိဋ္ဌာန်မပျက်ခဲ့သော ဥဒေါင်းမင်းသည် တစ်မနက် အဓိဋ္ဌာန်ပျက်သွားသဖြင့် အန္တရာယ်နှင့် ကြုံခဲ့ရသည်။သို့သော် အချိန်ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သော အဓိဋ္ဌာန်ကြောင့်ပင် တရားသဘောကို သိခဲ့သည်။ဘုန်းတန်ခိုးတွေရှိခဲ့သည်။ထို့ကြောင့်လည်း အန္တရာယ်မှလွတ်ခဲ့သည်။

ယနေ့ခေတ်တွင် တချို့လူတွေသာ ဘုရားမေ့၊ တရားမေ့နှင့် ဆိုးသွမ်းယုတ်မာနေသော်လည်း လူများစုသည် ဘုရားတရားကို ယုံကြည်မှုရှိသည်ကို တွေ့ရသည်။ကိုးနဝင်းပုတီးစိပ်နည်း စသော အဓိဋ္ဌာန်အမျိုးမျိုးကို ယုံယုံကြည်ကြည် လုပ်ဆောင်နေကြသည်။

ဗုဒ္ဓ၏တရားတော်များသည် အကာလိကော အခါမလင့် အကျိုးပေးတတ်သည်ဖြစ်၍ ယုံကြည်မြတ်နိုးအားမာန်ကိုးကာ အဓိဋ္ဌာန်ဆောက်တည်၍ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယများ အဝင်မခံဘဲ သတိတစ်လုံးလက်ကိုင်သုံးပြီး လောကီလောကုတ် နှစ်ဌာနအတွက် အကျိုးများအောင် အားထုတ်ကြပါစို့။

ရိုက်မောင်း