【 ‌ဆောင်းပါး 】 အတုယူဖွယ်ရာ ပင်လယ်ပြင် ငါးမွေးမြူရေး

【 ‌ဆောင်းပါး 】 အတုယူဖွယ်ရာ ပင်လယ်ပြင် ငါးမွေးမြူရေး

မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးစနစ်မှာ ထွန်းကားလျက်ရှိသည်။

ရှေးနှစ်ပေါင်းများစွာကတည်းကပင် ငါးကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြသော်လည်း ဆယ်စုနှစ် နှစ်ခုဝန်းကျင်အကြာကာလအတွင်း သဘာဝအင်းအိုင်များမှ ဖမ်းယူရရှိသော ငါးများ ရှားပါးလာကာ ဈေးနှုန်းများလည်း ကြီးမြင့်လာသည့်အတွက် ငါးမွေးမြူရေးကို စောက်ချလုပ်ကိုင်ခြင်းများရှိသလို မွေးမြူရေးငါးများကို စားသောက်လာကြသည်။

မွေးမြူထားသည့် ငါးများသည် မူလကစျေးကွက်အတွင်း တွင်ကျယ်သည့် ဝယ်လက်မျိုးမရှိသော်လည်း နောက်ပိုင်းတွင် တစ်စတစ်စဖြင့် တွင်ကျယ်လာကာ ယနေ့လက်ရှိခေတ်ကာလတွင် စျေးကွက်တစ်ရပ်ပင် အခိုင်အမာရနေလျက်ရှိသည်။လက်ရှိတွင် ငါးမွေးမြူရေးစနစ်၌ ငါးမြစ်ချင်းငါးကို အများဆုံးမွေးမြူထားသလို ပြည်ပတင်ပို့သည့် ငါးများတွင်လည်း ငါးမြစ်ချင်းမှာ အရေးပါသည့် အခြေအနေကဲ့သို့ ပါဝင်နေခြင်းကြောင့် စျေးကွက်အကြိုက်ငါးလည်း ဖြစ်လာခဲ့သည်။

သို့ရာတွင် ပင်လယ်ငါးများကလည်း စျေးကွက်အတွင်း စျေးကွက်အခိုင်အမာရှိနေဆဲဖြစ်သည်။ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှ ငါး၊ ပုစွန် ဖမ်းဆီးထုတ်လုပ်၍ စျေးကွက်အတွင်းရောင်းချရသလို ပြည်ပသို့လည်း တင်ပို့နိုင်သည့်အတွက် ပင်လယ်ငါးမှာ စျေးကွက်အလားအလာကောင်းများကို ပိုင်ဆိုင်လာလျက်ရှိသည်။ပင်လယ်ငါး ဖမ်းဆီးထုတ်လုပ်မှုတွင် ကာလကြာမြင့်လာမှုနှင့်အတူ အလွန်အကျွံဖမ်းဆီးထုတ်လုပ်မှုများကြောင့်နှင့် ရှားပါးစပြုလာသည့် အခြေအနေကြောင့်လည်း သယံဇာတထိန်းသိမ်းခြင်းများပြုလုပ်ရန် ပညာရှင်များ၏ အကြံပြုချက်များအရ ငါးများ အများဆုံးသားပေါက်သည့် ရာသီကာလအဖြစ် သတ်မှတ်ရာ သုံးလတာအတွင်း ပင်လယ်ပြင်အတွင်းသို့ ထွက်ခွာ၍ ငါးဖမ်းဆီးထုတ်လုပ်မှုကို Close Season အဖြစ် ကန့်သတ်တားမြစ်ခြင်းများလည်းရှိကြသည်။

ပထဝီအနေအထားအရ ပင်လယ်ပြင်နှင့် ထိစပ်တည်ရှိနေသော မြန်မာနိုင်ငံသည် ပင်လယ်ပြင်အတွင်း ကျွန်းပေါင်းများစွာ ပိုင်ဆိုင်ထားသလို ကမ်းရိုးတန်းအရှည် ၂၈၀၀ ကီလိုမီတာခန့်ရှိသည့် သဘာဝကပေးသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားလျက်ရှိသည်။ထို့ကြောင့်ပင် Close Season ကာလများ သတ်မှတ်၍ ပင်လယ်ပြင်ငါးဖမ်းဆီးမှုကို ထိန်းသိမ်းခြင်းများအပြင် ပင်လယ်ငါးဖမ်းဆီးရရှိမှုနှုန်း ကျဆင်းလာခြင်းအပေါ် ပင်လယ်ငါးမွေးမြူရေးလုပ်ငန်းဖြင့် စမ်းသပ်ဆောင်ရွက်နေလျက်ရှိသည်။ထိုကဲ့သို့သော ပင်လယ်ငါးမွေးမြူထုတ်လုပ်မှုကို အများအပြားဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့်အခါ နောင်သားစဉ်မြေးဆက်အတွက် ငါးရိက္ခာကို ဖူလုံအောင် စားသုံးနိုင်ရန် ဖြည့်ဆည်းနိုင်မည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရှာဖွေပေးနိုင်မည့် အခြေအနေများကိုလည်း ပိုင်ဆိုင်လျက်ရှိသည်။

ထိုသို့သော ပင်လယ်ငါးမွေးမြူထုတ်လုပ်မှုကို စမ်းသပ်လုပ်ဆောင်ကြသော်လည်း မွေးမြူသည့်ငါးများနှင့် သားပေါက်များအခြေအနေ၊ အစာစနစ်၊ ရာသီဥတု စသည့် အခြေအနေများအပါအဝင် အခက်အခဲများနှင့် စိန်ခေါ်မှုများက ရှိနေကြသည်။အချို့သော လုပ်ငန်းရှင်များကလည်း စမ်းသပ်မွေးမြူကြရင်း ရင်ဆိုင်ကြုံတွေ့လာသည့် အခက်အခဲများကြောင့် စိတ်ဓာတ်ကျကာ ဆက်လက်လုပ်ဆောင်ခြင်းများမရှိတော့သည့် အခြေအနေများလည်းရှိသည်။သို့ရာတွင် အချို့မှာမူ ပင်လယ်ရေပြင်တွင် လှောင်အိမ်များဖြင့် မွေးမြူမှုများလည်းရှိကြသည်။

ပင်လယ်ငါးမွေးမြူရာတွင် ပင်လယ်ရေတွင် လှောင်အိမ်ဖြင့် မွေးမြူခြင်းများရှိသလို ပင်လယ်ရေကို ယူဆောင်၍ ကန်အတွင်းထည့်ကာ မွေးမြူခြင်းများလည်းရှိကြသည်။ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ငါးမွေးမြူရေးစနစ်မှာ ထွန်းကားလျက်ရှိသည်။

ပင်လယ်ငါးမွေးမြူရေးစနစ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် တွင်ကျယ်စွာ လုပ်ကိုင်နေလျက်ရှိသည်။တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၊ ဝန်ချန်းမြို့တွင်လည်း တံငါသည်တစ်ဦး၏ မြေးဖြစ်သူမှ ပင်လယ်ငါးမွေးမြူရေးစနစ်ကို လုပ်ဆောင်လျက်ရှိရာ အောင်မြင်နေသည့် အခြေအနေရှိနေသည်။လက်ရှိတွင် ပင်လယ်ငါး သားပေါက်များကိုလည်း ရောင်းချနေပြီး ဝန်ချန်းမြို့၊ Fengjiawan Modern Fishery စက်မှုဥယျာဉ်၏ နှစ်ထပ်အဆောက်အအုံတွင် ခေတ်မီမွေးမြူထုတ်လုပ်မှုဖြင့် လုပ်ဆောင်ခဲ့သော ၎င်း၏ ငါးသားပေါက်များမှာလည်း ငါးမွေးသူများနှစ်ခြိုက်၍ စျေးကွက်အတွင်း ဝယ်လိုအားကောင်းသောအခြေအနေကို ပိုင်ဆိုင်လျက်ရှိသည်။

ဝယ်လိုအားကောင်းခြင်းကြောင့်လည်း ပျမ်းမျှ နှစ်လတာလောက်ကာလအတွင်းတွင် ငါးသန် ငါးသားပေါက် ၂၅၀,၀၀၀ ကျော်ကို ရောင်းချနိုင်ခဲ့ပြီး ဝင်ငွေစုစုပေါင်းအဖြစ် ယွမ် ၁ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၂၂၅,၀၀၀ ခန့်) ရရှိခဲ့သည်ဟုလည်း တရုတ်နိုင်ငံရှိ မွေးမြူရေးဆိုင်ရာ သတင်းများ၌ ၎င်း၏အကြောင်းကို အကျယ်တဝင့် ဖော်ပြလာခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် တိုးတက်လာသော ပင်လယ်ငါးမွေးမြူမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၉ ဒသမ ၃ ရာခိုင်နှုန်းခန့် တိုးတက်မှုရှိလာခဲ့သည်။ပင်လယ်ငါးမျိုးစိတ်များကို ခေတ်မီနည်းပညာများဖြင့် အရေအတွက်များစွာ ထုတ်လုပ်လာနိုင်သလို ပင်လယ်ပြင်တွင် လှောင်အိမ်စနစ်ဖြင့် မွေးမြူမှုများလည်းတိုးကာ လုပ်ဆောင်လာနိုင်ကြသည်။လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ထိုင်း၊ သြစတြေးလျ၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် စသည့်နိုင်ငံတို့တွင် ပင်လယ်ငါးမွေးမြူရေးလုပ်ငန်းအတွက် ငါးသားပေါက်များကို ခေတ်မီနည်းများဖြင့် စီးပွားဖြစ်ထုတ်လုပ်ဖြန့်ဖြူးလာနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ပင်လယ်ငါးမွေးမြူရေးတွင် အဓိကကျသောအစိတ်အပိုင်းမှပါဝင်နေသည့် ငါးသားဖောက်များအတွက် နိုင်ငံတကာတွင် ပင်လယ်ငါးများ သားဖောက်ခြင်းလုပ်ငန်းကို ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးမှ လုပ်ငန်းရှင်အချို့က သဘာဝ Groper (ကျောက်ငါး) ငါးသားပေါက်များကို ပင်လယ်ပြင်မှ ဖမ်းယူ၍ စမ်းသပ်မွေးမြူကြသော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်သောအဆင့်သို့ ရောက်ရှိခြင်းမရှိသေးသလို အခြားနိုင်ငံများကဲ့သို့ စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများနှင့် လေ့လာမှုလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်သွားရန် လိုအပ်နေလျက်ရှိသည်။

ပင်လယ်ပြင်ငါးမွေးမြူရေးတွင် အောင်မြင်လျက်ရှိသော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် လက်ရှိတွင် ပင်လယ်ပြင်ငါးမွေးမြူရေးအပြင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ကိုပါ မွေးမြူရေးလုပ်ငန်းနှင့် အပြန်အလှန်ဖြည့်ဆည်းလုပ်ဆောင်နိုင်သော စီမံကိန်းတစ်ရပ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ပြီဖြစ်သည်ကို နိုင်ငံတကာသတင်းများ၌ ဖော်ပြထားလျက်ရှိသည်။အဆိုပါငါးမွေးမြူရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးလုပ်ငန်း အပြန်အလှန်ဖြည့်ဆည်းပေးမှု စီမံကိန်းကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဝန်းကျိုးမြို့၊ ယွဲ့ချင်းပင်လယ်အော်ရှိ ရေတိမ်ပိုင်းသောင်ပြင်တွင် ဖော်ဆောင်နေလျက်ရှိသည်။ထိုစီမံကိန်းမှာ သောင်ပြင်ဧရိယာ တရုတ်ဧက ၂၉၀၀ ကျော်တွင် ငါးမွေးမြူရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးလုပ်ငန်းကို ပေါင်းစပ်ထားခြင်းလည်းဖြစ်သည်။စီမံကိန်းလုပ်ငန်းများ ပြီးစီးသည့်အခါ နှစ်စဉ် ပျမ်းမျှ ဓာတ်အား ကီလိုဝပ်နာရီ ၃၂၅ ဒသမ ၈၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် စံကျောက်မီးသွေး တန်ချိန် ၉၈၂၀၀ ခန့်ကို ချွေတာနိုင်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၂၆၉,၈၀၀ ကို လျှော့ချပေးနိုင်သည့် အခြေအနေအထိ အကျိုးရှိစေမည်ဖြစ်သည်။

ဤသည်မှာ အင်မတန်စိတ်ဝင်စားစရာကောင်းသည့် အခြေအနေမျိုးပင်ဖြစ်သည်။မြန်မာနိုင်ငံတွင် ပင်လယ်ငါးမွေးမြူရေးအတွက် ကြိုးပမ်းနေဆဲအခြေအနေတွင် တရုတ်နိုင်ငံက ပင်လယ်ပြင်အတွင်း ငါးမွေးမြူမှု၌ အောင်မြင်နေသည့်အပြင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားကိုပါ ထုတ်လုပ်ရန် လုပ်ဆောင်နေခြင်းက ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းနယ်ပယ်၌ လုပ်ကိုင်သူများအဖို့ အလွန်ပင်စိတ်ဝင်စားဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်စေခဲ့သည်။ကြိုးပမ်းဆဲအခြေအနေဖြစ်နေသော မြန်မာနိုင်ငံမှ ပင်လယ်ငါးမွေးမြူသူများမှာ အောင်မြင်နေသည့် အပြင်လျှပ်စစ်ဓာတ်အားပါ ထုတ်လွှတ်ရန်လုပ်ဆောင်နေသော အိမ်နီးချင်း တရုတ်နိုင်ငံ၏ လုပ်ကိုင်ဆောင်ရွက်နေသော ပင်လယ်ပြင်ငါးမွေးမြူရေးစနစ်များကို အတုယူကာ ကြိုးပမ်းကြခြင်းဖြင့် ပင်လယ်ပြင်ရေသယံဇာတ ဖွံ့ဖြိုးလာမည့်အပြင် နိုင်ငံအတွက်သာမက ဒေသခံများ၏ လူနေမှုဘဝများပါ တိုးတက်မြင့်မားလာမည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်