【 ဆောင်းပါး 】ချောင်းသာမှာ အကြောင်းပါခဲ့တာတွေ

【 ဆောင်းပါး 】ချောင်းသာမှာ အကြောင်းပါခဲ့တာတွေ

ချောင်းသာကမ်းခြေဟိုတယ်ရှေ့ကို မနက်၄နာရီကျော်ကားဆိုက်တော့ တချို့အခန်းချက်ချင်းမရလို့ စိတ်ညစ်ရတယ်။အဲဒါက ဟိုတယ်ရဲ့ ဝန်ဆောင်မှုအားနည်းချက်တော့မဟုတ်။ကိုယ်ဘွတ်ကင်လုပ်ထားတဲ့အခန်းထဲ တရားဝင်နေထိုင်ခွင့်ဆိုတာက နေ့ခင်းပိုင်းလောက်မှဆိုတော့။ကျနော်တို့နဲ့အတူ ကားပေါ်ကဆင်းလာ တဲ့ တစ်ဟိုတယ်တည်း တည်းမယ့်သူတချို့ သူတို့တည်းမယ့်အခန်းက လူရှိသေးလို့ ငုတ်တုတ်မေ့ရော။ဟိုတယ်ဧည့်ခန်းမှာ အထုပ်အပိုးချပြီး ဧည့်ခန်းကထိုင်ခုံမှာတင် ထိုင်ငိုက်ကြပေတော့။

ကျနော်တို့မိသားစုက ကံကောင်းတော့ ကိုယ်ဘွတ်ကင်တင်ထားတဲ့အခန်းမှာ လူမရှိ။ဒါ့ကြောင့် ရောက်တာနဲ့ အခန်းထဲတန်းဝင်သွားရုံ။တကယ်ဆို အခန်းထဲ အချိန်မရောက်ခင် ကြိုဝင်တာဖြစ်လို့ အခန်းခ တစ်စိတ်တစ်ဒေသ တောင်းရင်လည်းပေးရမှာပါ။ဟိုတယ်က တစ်ပြားမှမတောင်းဘူးဆိုတော့ ကျေးဇူးတင်ရ၊ ဧည့်သည်အပေါ် သူတို့တတ်နိုင်သလောက်ပြန်ကြည့်ပေးတဲ့သဘောမို့ ဟိုတယ်စရောက်ကတည်းက အမှတ်စပေးမိတယ်။

ဟိုတယ်အခန်းက ၃ယောက်နေဖို့ မကျယ်လွန်းပေမဲ့ မကျပ်။၃ယောက်အိပ်ကုတင် ဖွေးဖွေးသန့်သန့်။ ရေချိုးခန်းအိပ်သာ ကလည်း ခပ်ကျယ်ကျယ်လေးမို့ အိုကေ။အခန်းတံခါးဖွင့်လိုက်ရင်တော့ ကိုယ့်အခန်းအတွက် ထိုင်ခုံ၊ပြီးတော့ မိသားစုထိုင်ပြီး စားနိုင်သောက်နိုင်တဲ့နေရာလေးကလည်း ဟင်းလင်းပွင့် နေရာလေးမို့ အိုကေ‌ပေါ့။

ဟိုတယ်က ကမ်းခြေနဲ့တစ်ဆက်တည်း ကပ်လျက်။ကျနော်တို့အခန်းကတော့ ပင်လယ်ဘက်မျက်နှာမူထားတဲ့ ကမ်းခြေနဲ့ကပ်လျက်အခန်းတော့မဟုတ်ဘူး။အဲဒီလို ကမ်းခြေနဲ့ ကပ်လျက်အခန်းတွေက အတွင်းပိုင်းအခန်းတွေထက်လည်း ပိုဈေးကြီးပါတယ်။အခန်းတံခါးဖွင့်လိုက်တာနဲ့ ကမ်းခြေကို မြင်နေရတာ၊လှိုင်းသံ လေသံ အဆီးအတားမရှိကြားနေရတာက တခြားအခန်းတွေထက် ပိုဈေးကြီးရခြင်းအကြောင်းဖြစ်ပါတယ်။

အခန်းထဲ တရေးလောက်ထပ်နှပ်လိုက်မယ်လို့ ကြံထားပြီးခါမှ ကမ်းခြေမှာ လမ်းလျှောက်ချင်နေတဲ့ သားက တပူပူမို့ လင်းစပြုနေပြီဖြစ်တဲ့ ကမ်းခြေဆီ ရွေ့ရတယ်။မနက်ခင်းစောစောမို့လားမသိ၊လှိုင်းတွေက ပုံမှန်ထက် ပိုပြင်းတဝုန်းဝုန်းဆိုတာချည်း။

သားက သူတစ်ခါမှမမြင်ဘူးသေးတဲ့ ပင်လယ်နဲ့ ခပ်ကြမ်းကြမ်းလှိုင်းပုတ်သံတွေကို ငေးလို့။ရေနည်းနည်းစိုနေပေမဲ့ နင်းလိုက်ရင် နစ်မဝင်သွားတဲ့ သဲသောင်အေးအေးလေးမှာ အရသာတွေ့လို့။ကမ်းခြေမှာ လူတွေ တော်တော်ကျဲနေသေးတာမို့ ‘လူတွေလည်းမရှိ၊ပျင်းစရာကြီး’လို့ သားကရေရွတ်တယ်။ပြီးတော့ ‘ဖေဖေ ပြောတော့ ချောင်းသာသွားတဲ့လူအများကြီးဆို’တဲ့။

‘ကမ်းခြေလာတဲ့လူတွေက ညဘက်ဆို တော်ရုံနဲ့မအိပ်ဘူး။ညဘက်ကျရင်သောက်စားကြတာဆို တော့ တော်ရုံလူ ဘယ်သူမှ မနက်အစောကြီးမထနိုင်ဘူး’လို့ပြောပြရ။

‘ဒါဆို ဒီလူကြီးတွေက ဖေဖေတို့လို မချဘူးပေါ့’လို့ သားအဖချင်း ကပ်ဖဲ့လိုက်သေးတယ်။

ဟိုတယ်ပြန်ရောက်ပြီးနောက် မနက်စောစောစာကို ဟိုတယ်မှာ ပိုက်ဆံပေးပြီးစားကြည့်တော့ သိပ် ခံတွင်းမလိုက်တဲ့တရုတ်စာ။စားပြီးသောက်ပြီး ဟိုတယ်အခန်းထဲ တချက်အိပ်ပျော်ရုံရှိသေး ရေထဲဆင်းချင်နေပြီဖြစ်တဲ့သားက လာနှိုးတာနဲ့ ဗောနှစ်လုံးဌားပြီး ရေထဲဆင်းရတော့တယ်။ရေထဲလှိုင်းစီးတာကတော့ ကလေးလည်းပျော်၊လူကြီးလည်းပျော်ရတာပါပဲ။မိန်းမကတော့ ရေထဲမဆင်းတော့ ဘယ်သိပ်ပျော်ပါ့မလဲ။

မိန်းမက ချိတ်ဆက်မေးမြန်းမှုတွေနဲ့ အပြင်ကနေ လာရောင်းတဲ့ ထမင်းနဲ့ဟင်းမှာဖို့ လုပ်နေတယ်။ ကိုယ်စားချင်တာမှာ၊ချိုင့်တွေ၊ထည့်စရာ ဖော့ခွက်တွေ ဇွန်းတွေနဲ့ အဆင်သင့်စားနိုင်အောင်လာပို့တဲ့ ချောင်းသာရွာထဲက ရွာခံတွေနဲ့ တနိုင်စီးပွားရေး။သူတို့ကဟိုတယ်ပရဝဏ်ထဲဝင်ခွင့်မရတော့ ကမ်းခြေဘက်ခြမ်း၊ဟိုတယ်ခြံစည်းရိုးကနေ ဖုန်းနဲ့ချိတ်ပြီးစောင့်ဆိုင်း အပေးအယူလုပ်ရ။ဟိုတယ်ထက် ဈေးခပ်များများသက်သာပြီး ဒေသထွက်အိမ်ဟင်းစားရတာမို့ ကျနော်တို့လို့ ငွေဖြုန်းအားမကောင်းသူတွေရဲ့ အားထားရာပေါ့။

ဟိုတယ်မှာ လာတည်းတဲ့သူ အများစုကလည်း ရွာထမင်းရွာဟင်းဝယ်စားကြတာများတယ်။ဟိုတယ် ကတော့ ထမင်းရောင်းဟင်းရောင်း ဘာရောင်းညာရောင်းတွေ ဟိုတယ်ပရဝဏ်ထဲ မဝင်လာရင်ပြီးရော။တည်း ခိုသူတွေအကြိုက် ကြိုက်တာမှာစား အေးဆေး။ထမင်းဟင်းရောက်လာလို့ စားကြည့်တော့ သန့်သန့်ရှင်းရှင်း၊ လက်ရာကောင်းကောင်း။ပေးရတဲ့ငွေနဲ့ လုံးဝထိုက်တန်မှုရှိသော ဝန်ဆောင်မှု။ဒါနဲ့ သူ့ဆီမှာတင် မပြန်မချင်း စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။

နေ့ခင်းဘက် စာဖတ်၊တရေးအိပ်၊အိပ်ယာကနိုးတော့ အုန်းရည်သောက်၊ ငါးကင်၊ပုစွန်ကင်နဲ့ ခံတွင်း တွေ့မယ်ထင်ရတဲ့ ပင်လယ်စာအကင်တွေ ဝယ်စားကြ။နေလေးနည်းနည်းကျရုံရှိသေး ရေထဲဆင်းဖို့ ပူနေတဲ့ သားနဲ့အတူ ဆားငံရည်စိမ်။လှိုင်းခပ်ကြီးကြီးလာရင် သံပြိုင်အော်ကြတဲ့ ဟေးခနဲ အသံမှာပျော်ရွှင်စွာ။

 နေတော်တော်အေးသွားတော့ဗောတစ်ကွင်းနဲ့မိန်းမပါ လှိုင်းစီးပျော်ရွှင် ပူးပေါင်းပါဝင်လာတယ်။သူက ဒူးဆစ်ကျော်ရုံ ရေထဲမှာ ဗောကွင်းကိုကျစ်ကျစ်ပါကိုင်လို့။လှိုင်းကြမ်းကြမ်းတစ်ချက်အပုတ် ဗောတခြားလူတခြား လွင့်ကာ ဒူးဆစ်ကျော်ရုံရေထဲ နစ်နေလို့ ကျနော်တို့သားအဖ အော်ဟစ်ရယ်မောကြရတယ်။

ညနေခင်းနောက်ထပ်အစီအစဉ်က သဲသောင်ကမ်းစပ်ပေါ် စက်ဘီးတစ်စီး တည်းပေါ် ၃ယောက်စီး၊၃ ယောက်နင်း။နင်းရတာမစားသာလို့ နာရီဝက်နဲ့ပြန်အပ်ပြီး ရောက်နိုင်သလောက် လမ်းလျှောက်ကြ။ဟိုတယ် တွေအလွန် တည်းခိုခန်းတွေဘက်ကမ်းခြေအရောက် လူတွေက ပိုစည်နေရော။တည်းခိုခန်းတွေက ကမ်းစပ် ဘေးဆိုပေမဲ့ နည်းနည်းခပ်ကျဉ်းကျဉ်း အသက်ရှူုရခက်မယ့်ပုံမျိုး။ပြီးတော့ တည်းခိုခန်းတွေမှာ ကိုယ့်အခန်းထဲကလွဲ ထိုင်စရာနေရာမရှိ၊ခြံနဲ့ဝင်းနဲ့မရှိတာကြောင့် နေစောင်းတာနဲ့ တည်းခိုခန်းရှေ့ ကမ်းခြေမှာ ကိုယ့်အစု နဲ့ ကိုယ် ထိုင်နေကြတဲ့ပုံ။တည်းခိုခန်းခက ဈေးနည်းတော့လည်း စတိုင်မကျ။ဘာပဲဖြစ်ဖြစ် ကိုယ့်အထွာနဲ့ကိုယ် ပျော်ကြရတာပါပဲ။

ကမ်းခြေမှာ ကမ်းခြေလို ပျော်နေသူတွေခပ်များများနဲ့ သက်ပြင်းတွေ ချွေးစေးတွေနဲ့ ဝမ်းစာရှာဖွေ နေသူနည်းနည်းပါးပါး။ကျနော်က ရန်ကုန်ကနေသယ်လာတဲ့ ပုလင်းကို တစ်ကိုယ်တော်ဖွင့်ဖို့ရာ စိတ်လော နေပြီမို့ ကြက်ကင်ခပ်ကြီးကြီးနဲ့ သားနဲ့မယားစားဖို့ ကောင်းနိုးရာရာအကင်တွေ ဝယ်။ကိုယ့်အခန်းနဲ့တွဲလျက် လသာဆောင်လိုနေရာလေးက သီးသီးသန့်သန့်လေးနဲ့ သောက်ချင်ပွားချင်စရာမို့ သောက်လိုက်ပွားလိုက်၊မိန်းမကျေနပ်အောင် ဓာတ်ပုံလေး၃-၄ပုံရိုက်ပေးလိုက်။သူ့အကြိုက် ကိုယ့်အကြိုက် ။

နောက်တစ်ရက်ရောက်တော့ ကျောက်မောင်နှမသွားကြမယ်တဲ့။ကျောက်မောင်နှမဆိုတာ ရှုခင်းက လည်းကောင်း၊ဓာတ်ပုံရိုက်လို့လည်းကောင်းတဲ့နေရာမို့ မိန်းမကတက်တက်ကြွကြွ။သွားနေကျ အတိုင်း ဆိုင်ကယ်တစ်စီးတည်းဌားလိုက်တယ်။လမ်းကကောင်းပေမဲ့ ခပ်မြင့်မြင့်တက်ရတဲ့နေရာရောက်တော့ ဆိုင်ကယ်က ဇော ချွေးတွေပျံ၊နောက်ပြန်လိမ့်မကျအောင် မနည်းဖြစ်ညှစ်ထားရ။ဘယ်လိုမှ မဟန်တော့တဲ့အဆုံး ဖြတ်သွားဖြတ်လာဆိုင်ကယ်ကယ်ရီတစ်စီးဌားကာ မိန်းမကို တင်ပေးလိုက်ရတယ်။တည်းတဲ့ဟိုတယ်ကနေ  ကျောက်မောင်နှမ ရောက်ဖို့ရာ ဆိုင်ကယ်ပုံမှန်မောင်းရင် ၁၅မိနစ်လောက်တော့ကြာမယ်ထင်ရတယ်။

ကျောက်မောင်နှမဆိုတာက ရေကူးလို့မရတဲ့နေရာမို့ ရေတွေကြည်လို့စိမ်းလို့။ကျောက်တုံး၊ကျောက်ခက်၊ကျောက်စွယ်တွေက သိပ်လှလွန်းနေတော့ မိန်းမသားတို့အကြိုက် တဖြတ်ဖြတ်။တဖြတ်ဖြတ် ရိုက်ချက် တွေမှာ မိန်းမက စိတ်ကျေနပ်ပြီဆိုတော့ ကျောက်မောင်နှမကမ်းခြေမှာ ဖြစ်သလိုဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်  ထိုင်၊ကော်ဖီမစ်လေးနဲ့ ပင်လယ်ကို ငေး ငွေနဲ့ဝယ်မှရတဲ့ ပင်လယ်လေကို စိတ်တိုင်းကျရှူပြီးနောက် ဟိုတယ် ပြန်။ရေထဲချည်းဆင်းစိမ်ချင်နေတဲ့ သားက နေမြင့်သွားပြီ ဆင်းလို့မရတော့ဘူးဆိုတော့ မကြည်လင်။

မနေ့တုန်းကလိုပဲ နေ့ခင်းမှာနား၊ရောက်တတ်ရာရာစား၊ ညနေမှာ လှိုင်းစီးပြီးနောက် ညနေစောင်း လာတော့ ဟိုတယ်အနီး ကားလမ်းဘေးမှာ တန်းစီဖွင့်ထားတဲ့ဆိုင်ခန်းတွေဆီချီတက်။ချောင်းသာအပြန်လက်ဆောင် သရက်တောထိုးမုန့်ဝယ်ပေါ့။ထိုးမုန့်က အဖြူနဲ့အမည်းနှစ်မျိုး။(ရန်ကုန်ပြန်ရောက်ပြီးမှ လက်တွေ့သိလိုက်ရတာ ထိုးမုန့်အမည်းက ၂ရက်တောင် အထားမခံချင်။နည်းနည်းအထားခံတဲ့ထိုးမုန့်အဖြူကိုပဲ ၅ရက်၊တစ်ပတ်လောက် အထားခံအောင် လုပ်နိုင်ရင် ပိုရောင်းအားကောင်းလာနိုင်မယ်ထင်မိ။)

ကျနော်ကိုယ်တိုင်လည်း သရက်တောထိုးမုန့်ကို ကြိုက်တာမို့ ကိုယ်စားဖို့အတွက်ပါ ဝယ်လိုက်တယ်။ သွားချင်နေတဲ့ ငါးခြောက်ဆိုင်တွေ ဆီမနက်ဖြန်မနက် သွားမယ်ဆိုပြီး မရောက်။နောက်တစ်ရက် ၁၀နာရီ ကျော်လောက်ထင်တယ်။ခရီးသည်တင်ကားက ထိုးဆိုက်လာတယ်။

ကားက ပင်လယ်ကိုကျောပေးကာ တောင်ပေါ်တက်တော့ အပေါ်ကဆီးမြင်နေရတဲ့ ပင်လယ်ကို လည်ပြန်ငေးမိ။ ချောင်းသာကမ်းခြေဆီ နောက်တစ်ခါက် အရောက်လာခဲ့ဦးမယ်လို့ စိတ်ထဲတေးလိုက်မိတယ်။

           

ငြိမ်းဆက်