【 ပြည်တွင်း 】အစားဖိုးမတတ်နိုင်လို့ တစ်ကောင် ကျပ်တစ်သောင်းနဲ့ ဥစားကြက်တွေကို ပြန်ရောင်းနေ

【 ပြည်တွင်း 】အစားဖိုးမတတ်နိုင်လို့ တစ်ကောင် ကျပ်တစ်သောင်းနဲ့ ဥစားကြက်တွေကို ပြန်ရောင်းနေ

စျေးအဆမတန်မြင့်တက်နေတဲ့ အစာစရိတ်ကြောင့် အစားဖိုးမတတ်နိုင်တော့လို့ ကြက်တစ်ကောင် ကျပ် တစ်သောင်းနဲ့ ဥစားကြက်မတွေကို ပြန်ရောင်းတာတွေရှိနေပါတယ်။

“ တစ်ကောင် တစ်သောင်းဗျာ။ ၅ ကောင်အနည်းဆုံးဝယ်ပေးရမယ်။ ၁၀ ကောင်ယူရင် တစ်ကောင်လက်ဆောင်ပေးမယ်ဗျာ။ အစားဖိုးမတတ်နိုင်လို့ ပြန်မျှတာပါ။ ဥနေတာ သုံးလကျော်ပါပြီ။ ကားရှိတဲ့ နယ်အကုန်ပို့ပါတယ်။”လို့ မန္တလေးတိုင်း၊ အမြန်လမ်း ၄၀၉ မိုင်တိုင်အနီး ဥစားကြက်မွေးမြူရေးလုပ်ကိုင်သူက ပြောပါတယ်။

၁၆ ပတ်ရှိတဲ့ ပြည့်မဒန်း ဥစားကြက်မတစ်ကောင်ဆိုရင်တော့ ကျပ် ၁၁၀၀၀ ပေါက်စျေးရှိပြီး နေရာဒေသနဲ့ ကြက် အရည်အသွေးပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုတော့ရှိပါတယ်။

“ ကြက်စာက မနိုင်၊ ဥနှုန်းကကျတော့ မတတ်နိုင်တော့ဘူးလေ။ ဆက်မွေးလည်း စိတ်ဆင်းရဲပြီး ရှုံးမှာပဲ။ အခုက ဥနှုန်း ၆၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အကောင် ၁၀၀ မှာ အကောင် ၉၀၊ ၉၅ ကောင် အနည်းဆုံးဥရင်တောင်မှ အခုအစားစရိတ်၊ ဆေးဝါးစရိတ်နဲ့ဆိုရင် ကိုယ့်အတွက်ကျန်ရုံပဲ ကျန်မယ်။ အခုက အဆင်မပြေဘူး။ ဒါကြောင့် တစ်ကောင် တစ်သောင်းနဲ့ ထုတ်ရောင်းပစ်တာ။ တစ်ကောင်ကို ၁ ပိဿာ အေးဆေးကျော်တယ်။”လို့ ရန်ကုန် ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးကလည်း ပြောပါတယ်။

ဥစားကြက်မွေးမြူသူအများစုကတော့ အစား စရိတ်၊ ဆေးဝါးစရိတ်ကြီးမြင့်မှုကြောင့် အခက်တွေ့နေပြီး ဒီနောက်ပိုင်းမှာတော့ ကုမ္ပဏီထုတ်အသင့်စား ကြက်စာတွေထက် ကိုယ်တိုင်အစာစပ်ပြီး မွေးမြူကြသူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ မြောင်းမြမှာတော့ အစာစပ်ပြီး မွေးတာ ပိုများတယ်။ ကုမ္ပဏီထုတ် အသင့်စာကလည်း ဥနှုန်းအဲ့ဒီလောက် မသိသာပါဘူး။ အခု အစာစပ်ကျွေးတော့လည်း ဒီလိုပါပဲ။ ဥနှုန်း ၈၀၊ ၈၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ပဲ၊ ပြောင်း၊ နှမ်းဖတ်၊ ငါး၊ ခရု၊ ဆန်ကွဲ၊ ဖွဲနု အဲ့ဒါတွေကို အချိုးအစားနဲ့ စပ်ကျွေးကြတာပေါ့။ ဒါက ပိုသက်သာတယ်။ ဒီကာလ လုပ်ငန်းပြောင်းဖို့ကလည်းမလွယ်ဘူးလေ။ တချို့ကျတော့ ခြံဖြုတ်ရောင်းပစ်တယ်။ တချို့ကျတော့လည်း အကောင်ခွဲရောင်းပေါ့။ ဒီလိုပဲ အဆင်ပြေအောင်လုပ်နေကြရတာပဲ။”လို့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ဥစားကြက်မွေးမြူသူတစ်ဦးက ပြောပါတယ်။

ဥစာကြက် အစားစပ်ကျွေးသူတွေအနေနဲ့  ဖွဲနု ၁၀ ရာခိုင်နှုန်း၊ ဆန်ကွဲ၊ ၂၅ ရာခိုင်နှုန်း၊ ပြောင်း ၃၁ ရာခိုင်နှုန်း၊ ပဲဖတ် ၁၀ ရာခိုင်နှုန်း၊ နှမ်းဖတ် ၁၁ ရာခိုင်နှုန်း၊ ငါးမှုန့် ၇ ရာခိုင်နှုန်း၊ ခရုမှုန့် ၅ ရာခိုင်နှုန်း၊ ဖြည့်စွက်ဆေး ၁ ရာခိုင်နှုန်း အချိုးကျစီ ရောစပ်ကျွေးကြတယ်လို့ သိရပါတယ်။

လီလီ

ရန်ကုန်၊ နိုဝင်ဘာ ၂၆