【ပြည်တွင်း】 ရန်ကုန်မြို့တွင် အိမ်သုံး LPG ဂက်စ်များ စျေးနှုန်းမြင့်မားမှုကြုံလာ

【ပြည်တွင်း】 ရန်ကုန်မြို့တွင် အိမ်သုံး LPG ဂက်စ်များ စျေးနှုန်းမြင့်မားမှုကြုံလာ

ရန်ကုန်မြို့မှာ သုံးစွဲမှုများလာတဲ့ အိမ်သုံး LPG ဂက်စ်များဟာ ယခုရက်ပိုင်းအတွင်း စျေးနှုန်းမြင့်မားတဲ့ အခြေအနေမျိုးကြုံလာ ရတယ်လို့ ဂက်စ်မီးဖိုနဲ့အပိုပစ္စည်းမျိုးစုံရောင်းချတဲ့ အရောင်းဆိုင်တွေကနေ သိရပါတယ်။
 
“ဂက်စ်မရလို့ အခုတစ်ခေါက်ကတော့ နဂိုစျေးနဲ့ပဲထည့်ပေးထာတာ၊ နောက်တစ်ခါဆိုရင် စျေးတက်မှာ၊ အခုက ဆိုင်မှာ လက်ကျန်ဂက်စ်ကို ရောင်းပေးတာ”လို့လည်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆိုင်ဖွင့်ထားတဲ့ ဂက်စ်မီးဖိုနဲ့ အပိုပစ္စည်းမျိုးစုံရောင်းချသူတစ်ဦးက ပြောပါတယ်။
 
အဆိုပါ LPG ဂက်စ်တွေဟာ ရန်ကုန်မြို့မှာ ယခင်ကအသုံးပြုသူနည်းပါးခဲ့သော်လည်း ချက်ပြုတ်ပြင်ဆင်မှုတွင် မြန်ဆန်ခြင်း၊ အလွယ်တကူအသုံးပြုနိုင်ခြင်း၊ နေအိမ်မီးဖိုချောင်များတွင် ညစ်ပေမှုမရှိဘဲ သန့်ရှင်းစွာအသုံးပြုနိုင်ခြင်း၊ လျှပ်စစ်မီး ပြတ်တောက်နေပေမယ့် အလွယ် တကူ သုံးစွဲနိုင်ခြင်း စတဲ့အားသာချက်တွေကြောင့် ယခုနောက်ပိုင်းမှာ ဆိုင်တွေသာမကဘဲ နေအိမ်အသီးသီးလိုလိုမှာ ဂက်စ်မီးဖိုများကို အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။
 
သာမန်အားဖြင့် တစ်ခါသုံးအဖြစ်ထုတ်လုပ်ထားတဲ့ ဘူးသေးများကို ပြန်လည်ဖြည့်တင်းသုံးစွဲမှုများပြီး အချို့အိမ်တွေမှာ ၅ ပိဿာ၊ ၁၀ ပိဿာ၊ ပိဿာ ၂၀ ဝင် အိုးများကို သုံးစွဲလေ့ရှိကြကြောင်း၊ ထိုဂက်စ်ဘူးသေးလေးများကို ပြန်လည်ဖြည့်တင်း တာပဲဖြစ်ဖြစ် ဖြည့်တင်းပြီးတဲ့ ဘူးနဲ့လဲလှယ်တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်တဲ့အခါ တစ်ဘူးကို ငွေ ၆၀၀ ကျပ်သာ ကျသင့် သော်လည်း ယခုအခါ နေရာဒေသပေါ်မူတည်ပြီး ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်ကြားအထိဖြစ်လာသလို ပိဿာနှုန်းဖြင့် ဝယ်ယူထည့်သွင်းရတဲ့ အိုးကြီးတွေမှာတော့ ယခင်က တစ်ပိဿာကို ၄၀၀၀ ကျပ်သာကျသင့်ပေမယ့် ယခုအခါ နေရာဒေသပေါ်မူတည်ပြီး ၆၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ကြားအထိ စျေးမြင့်တက်လာကာ ဆက်တက်ဦးမယ့် အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
 
“စျေးမြင့်လည်း ဂက်စ်နဲ့ချက်ပြုတ်ရတာ အဆင်ပြေနေတော့ ဝယ်သုံးရတာပေါ့၊ လုံး၀ ဝယ်မရတော့ဘူးဆိုရင်တော့ မီးသွေး ပြောင်းသုံးတာပဲဖြစ်ဖြစ်၊ Hotplate ပြောင်းသုံးတာပဲဖြစ်ဖြစ် တစ်ခုခုတော့စဉ်းစားရမှာပေ့ါ”လို့လည်း အိမ်ရှင်မတစ်ဦးက ပြောဆိုပါတယ်။
 
ထို LPG ဂက်စ်သုံးစွဲရတဲ့ မီးဖိုတွေရဲ့စျေးကွက်ဟာတွင်ကျယ်လာသလို ဂက်စ်ကိုလည်း အိမ်နီးချင်း ထိုင်းနိုင်ငံဘက်မှ ဝယ်ယူ တင်သွင်းရတာဖြစ်ပြီး လက်ရှိမှာ ကုန်းလမ်းကဝင်ရောက်ရန်အခက်အခဲများဖြစ်နေပြီး ရေလမ်းမှတင်သွင်းလာတဲ့ သင်္ဘောဟာလည်း သီလဝါမှာဆိုက်ကပ်ဖို့ အခွန်ကိစ္စတွေကြောင့် ညှိနှိုင်းနေဆဲဖြစ်ကာ စျေးကွက်ထဲ ယခုလိုအခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
 
“စျေးမြင့်မားလာတော့ လောလောဆယ်က နဂိုစျေးနဲ့ပဲ လိုက်ထည့်ပေးတာ၊ အရင်တုန်းက တစ်ဘူး ၆၀၀ ဆိုရင် သွားထည့်ခ အပါအဝင် ကျွန်တော့်ကို တစ်ဘူး ၁၀၀၀ ပေးတယ်၊ ကျွန်တော့်အတွက် တစ်ဘူးကို ၄၀၀ လောက်ကျန်တယ်၊ အခုက ဒီမနက်ပဲ ၈၀၀ နဲ့ထည့်ခဲ့ရတယ်၊ ဂက်စ်သွားထည့်ခိုင်းတဲ့သူတွေကို စျေးတက်သွားပြီလို့တော့ ပြောရတာပေါ့၊ လောလောဆယ် ပိုက်ဆံတော့ ထပ်တောင်းလို့မကောင်းသေးဘူးလေ၊ ကိုယ့်ရမယ့်လုပ်အားခထဲက ငွေ ၂၀၀ နှုန်းတော့ လျော့သွားတာပေါ့၊ ထည့်ခတင် တစ်ဘူး ၁၀၀၀ လောက်ဖြစ်သွားရင်တော့ ကိုယ်လည်းစျေးပိုယူရမှာပေါ့”လို့လည်း ကွန်ဒိုနဲ့ အိမ်ရာတိုက်ခန်း တွေမှာ နေထိုင်သူတွေအတွက် ဂက်စ်ဖြည့်တာအပါအဝင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပြပါတယ်။
 
ထို LPG ဂက်စ်ဟာ ဘူးအသေးလေးများဖြင့် သုံးစွဲပါက ဆိတ်သား၊ အမဲသားကဲ့သို့သော နူးဖို့ခက်ခဲတဲ့အသားတွေကို ချက်ပြုတ်တဲ့အခါ ဂက်စ်ပမာဏ နှစ်ဘူးနီးပါး လောက်အသုံးပြုကြရပြီး သာမန်အတိုင်းသာ ချက်ပြုတ်ပါက နှစ်ရက်လောက်မှ သုံးဘူးဝန်းကျင်လောက်သာ ကုန်လေ့ရှိကြောင်း၊ ရန်ကုန်မြို့မှာ လူနေမှုသိပ်သည်းလာတာနဲ့အတူ အထပ်မြင့်တိုက်တာများမှာ နေထိုင်သူအများစုဟာ ဂက်စ်မီးဖိုတွေနဲ့ အီလက်ထရွန်းနစ် မိုက္ကရိုဝေ့မီးဖိုတွေကို အသုံးပြုလာကြပြီး လျှပ်စစ်မီး ပြတ်တောက်မှု များလာပြီးနောက် ယခုနောက်ပိုင်းမှာ ဂက်စ်သုံးစွဲမှုဟာ ပိုများလာတာဖြစ်ပါတယ်။
 
ရန်ကုန်၊ ဇူလိုင် ၁၈