【 နိုင်ငံတကာ 】နျူစမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

【 နိုင်ငံတကာ 】နျူစမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

မြောက်ကိုရီးယားရဲ့ 131st နျူကလီးယား လမ်းညွှန်မှုဗျူရို၊ နျူကလီးယားစမ်းသပ်မှုဆိုင်ရာ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး အေဂျင်စီတစ်ခုမှ မကြာသေးမီကပဲ အင်ဂျင်သစ်တစ်ခုကို လွှဲပြောင်းရယူခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
 
အဆိုပါလွှဲပြောင်းရယူမှုအရ မြောက်ကိုရီးယားအနေနဲ့ ခုနစ်ကြိမ်နဲ့ ရှစ်ကြိမ်မြောက် နျူစမ်းသပ်မှုများပြုလုပ်သွားရန် အရင်းအမြစ်များကို ပိုမိုအာရုံစိုက်နေကြောင်း ညွှန်ပြနေတာလည်းဖြစ်ပါတယ်။
 
တောင်ကိုရီးယား ဆိုးလ်အခြေစိုက် Daily NK သတင်းဌာနမှ မြောက်ကိုရီးယားရှိ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး မကြာသေးမီက မြောက်ကိုရီးယား အာဏာပိုင်များဟာ ပထမတပ်မဟာရဲ့ သတ္တမတပ်ရင်းကို 131st နျူကလီးယား လမ်းညွှန်မှုဗျူရိုရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိခဲ့ကြောင်း သောကြာနေ့က ဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယား အာဏာပိုင်များက အဆိုပါဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့လပိုင်းက အဌမအကြိမ်မြောက် ဗဟိုစစ်ကော်မရှင်ရဲ့ တတိယအကြိမ် တိုးချဲ့အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
 
ပထမတပ်မဟာရဲ့ သတ္တမတပ်ရင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာနနဲ့ အစောင့်တပ်တို့ရဲ့ ကွပ်ကဲမှု အပြင်ဘက်မှာရှိနေပြီး၊ ‌မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအန်ရဲ့ တိုက်ရိုက်အမိန့်စာများကို ကာလရှည်ကြာ လက်ခံရရှိခဲ့တဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။
 
ပထမတပ်မဟာရဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းများကတော့ ခေါင်းဆောင် ကင်မ်ရဲ့ မိသားစုနဲ့ ချိတ်ဆက်ထားတဲ့ အပန်းဖြေနေအိမ်ကြီးများနဲ့ ဆေးရုံများဆောက်လုပ်ရန်တို့ဖြစ်ပြီး၊ သတ္တမတပ်ရင်းကတော့ တစ်ခါတစ်ရံ နျူကလီးယား စမ်းသပ်မှုများနဲ့ ဒုံးကျည်စမ်းသပ်မှုများနဲ့ပတ်သက်တဲ့ တည်ဆောက်မှုများကို ကိုင်တွယ်ဆောင်ရွက်ရတာဖြစ်ပါတယ်။
 
ကိုရီးယားအလုပ်သမားပါတီ လက်အောက်မှာရှိတဲ့ 131st နျူကလီးယား လမ်းညွှန်မှုဗျူရိုကတော့ ခဲယမ်းလုပ်ငန်းဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက် တည်ရှိနေတာဖြစ်ပြီး၊ နျူကလီးယားစက်ရုံများ ဆောက်လုပ်ခြင်းနဲ့ ယူရေနီယံမိုင်းများ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများမှာ တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိနေတာဖြစ်ပါတယ်။
 
သတင်းရင်းမြစ်ရဲ့ အဆိုအရ သတ္တမတပ်ရင်းဟာ နိုင်ငံရဲ့ ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအတွက် စမ်းသပ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိတဲ့ Kilju ကောင်တီ၊ Punggye-ri မှာ တပ်စွဲထားပြီးဖြစ်ကြောင်း သိရပါတယ်။
 
လက်ရှိအချိန်မှာတော့ 131st နျူကလီးယား လမ်းညွှန်မှုဗျူရိုနဲ့ သတ္တမတပ်ရင်းတို့ဟာ နျူကလီးယားစမ်းသပ်မှုနေရာမှာ ၎င်းတို့ရဲ့တာဝန်များကို ထမ်းဆောင်လျက်ရှိနေပြီဖြစ်ပါတယ်။
 
"နျူကလီးယားစမ်းသပ်မှုတွေကို အချိန်မရွေးလုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုအားလုံး ပြီးမြောက်သွားပြီဖြစ်ကြောင်း" သတင်းရင်းမြစ်က ဆိုပြီး၊ မြောက်ကိုရီးယား အာဏာပိုင်များဟာ နျူစမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းရင်းမြစ်မှ ဖော်ထုတ်ခဲ့ပါတယ်။
 
Linko
 
Ref - Daily NK
 
ပြုံးယမ်း၊ ဇူလိုင် ၁၉