【နိုင်ငံတကာ】ပါးစပ်ဖြင့် စုပ်ယူရသော ကိုဗစ်နိုင်တင်းကာကွယ်ရေးရှူဆေး တရုတ်တွင် စတင်အသုံးပြု

【နိုင်ငံတကာ】ပါးစပ်ဖြင့် စုပ်ယူရသော ကိုဗစ်နိုင်တင်းကာကွယ်ရေးရှူဆေး တရုတ်တွင် စတင်အသုံးပြု 

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးရှူဆေးများကို ဗုဒ္ဓဟူးနေ့တွင် စတင်အသုံးပြုနေပြီး ကမ္ဘာတွင် ပထမဆုံး ကိုဗစ်နိုင်တင်းကာကွယ်ရေး ရှူဆေး စတင်အသုံးပြုသော နိုင်ငံဖြစ်လာခဲ့ပါတယ်။

ပါးစပ်ဖြင့် စုပ်ယူရသော ထိုရှူဆေးကို ယခင်ကာကွယ်ဆေးထိုးပြီးသူများကို အားဖြည့်ကာကွယ်ဆေးအဖြစ် အခမဲ့ ပေးခြင်းဖြစ်ကြောင်း ရှန်ဟိုင်းမြို့တော်၏ တရားဝင်လူမှုကွန်ရက် ကြေညာချက်အရ သိရပါတယ်။

ထိုသို့ဆေးထိုးအပ်မလိုအပ်သည့် ကာကွယ်ဆေးကြောင့် ကာကွယ်ဆေးပေးရန် ပိုမိုလွယ်ကူလာပြီး ကျန်းမာရေးစနစ်ပြိုပျက်လွယ်သည့် နိုင်ငံများတွင် ကာကွယ်ဆေးပိုမိုရရှိလာမည်ဟု သိပ္ပံပညာရှင်များ မျှော်လင့်ကြပါတယ်။

ထို့အပြင် လက်မောင်းတွင်ဆေးထိုးသည်ကို မကြိုက်သော သူများ ကာကွယ်မှု ခံယူရန် ပိုမိုဆွဲဆောင်နိုင်မည်ဟုလည်း မျှော်လင့်ကြပါတယ်။

တရုတ်နိုင်ငံသည် စီးပွားရေးကို အဟန့်အတားဖြစ်စေပြီး ကမ္ဘာကျန်အစိတ်အပိုင်းများနှင့်မတူသည့် ကိုဗစ်ကန့်သတ်ချက်များမရုတ်သိမ်းမီ လူတတ်နိုင်သမျှကို အားဖြည့် ကာကွယ်ဆေး ထိုးထားစေလိုနေပါတယ်။

အောက်တိုဘာလလယ်အထိ တရုတ်နိုင်ငံသား ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အ၀ ထိုးပေးထားပြီး ဖြစ်ပြီး ၅၇ ရာခိုင်နှုန်းသည် အားဖြည့်ကာကွယ်ဆေးထိုးထားပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံပိုင် အွန်လိုင်း မီဒီယာတခုတွင် ပြည်သူများသည် ရပ်ကွက် ကျန်းမာရေးဌာနတခုတွင် ပြည်သူများ၏ ပါးစပ်များကို ထွင်းဖေါက်မြင်နိုင်သည့် စုပ်ခွက်များတွင် ကာကွယ်ဆေးခံယူနေပုံကို ပြသထားပါတယ်။

ထိုသို့ ရှုသွင်းပြီးနောက် ကာကွယ်ဆေးခံယူသူများသည် အသက်ရှူခြင်းကို ၅ စက္ကန့်မျှ ရပ်ထားရပြီး ထိုလုပ်ငန်းတခုလုံးသည် စက္ကန့် ၂၀ သာကြာကြောင်း ဖေါ်ပြထားပါတယ်။

“နို့နဲ့ ဖျော်တဲ့လက်ဖက်ရည်သောက်ရသလိုပဲ။ ကျနော်ရှူသွင်းလိုက်တော့ ချိမြိန်တဲ့အရသာ ရှိတယ်” ဟု ရှန်ဟိုင်းမြို့သားတစ်ဦးက ရေးသားခဲ့ပါတယ်။

ထိုရှူသွင်းကာကွယ်ဆေး၏ ထိရောက်မှုကို အပြည့်အ၀ မလေ့လာရသေးပေ။

တရုတ်နိုင်ငံ ဆေးဝါးလုပ်ငန်း စည်းကမ်းထိန်းကျောင်းသူများက ထိုဆေးကို စက်တင်ဘာလက အားဖြည့် ကာကွယ်ဆေးအဖြစ်သာ အတည်ပြုခဲ့ပြီး ထိုရှူဆေးသည် ယခင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများတွင်သာ ကိုယ်ခံစွမ်းအားဖြစ်ကြောင်း သိရပါတယ်။

Linko

Ref:AP

ပေကျင်း၊ အောက်တိုဘာ ၂၇