【 နိုင်ငံတကာသတင်း 】အာဖဂန်ကို အကူအညီပေးရန် ဒေါ်လာ ၅ ဘီလီယံ ကုလက စံချိန်တင် တောင်းဆို

【 နိုင်ငံတကာသတင်း 】အာဖဂန်ကို အကူအညီပေးရန် ဒေါ်လာ ၅ ဘီလီယံ ကုလက စံချိန်တင် တောင်းဆို 

 အာဖဂန်နစ္စတန်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကူညီပေးဖို့ ကုလသမဂ္ဂက ဒေါ်လာ ၅ ဘီလီယံ စံချိန်တင် တောင်းဆိုကာ အလှူရှင်နိုင်ငံတွေကို ပန်ကြားလိုက်ပါတယ်။

အာဖဂန် နိုင်ငံတစ်၀န်း ငတ်မွတ်ခေါင်းပါးမှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတယ်လို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)နှင့် ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)တို့က သတိပေးခဲ့ပါတယ်။

OCHA က အာဖဂန်နစ္စတန်တွင် “ကပ်ဘေး” ကျရောက်နေကြောင်း သတိပေးခဲ့ပြီး လူ ၂၃ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသေးကြောင်းပြောခဲ့ပါတယ်။

အသက် ၅ နှစ်အောက် ကလေး တစ်သန်းကျော်မှာ အကူအညီမရရှိပါက ပြင်းထန်သည့် အာဟာရ ချို့တဲ့မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ၎င်းကဆိုပါတယ်။

“သူတို့ မိသားစုတွေကို ကျွေးမွေးရမယ်။ ထွန်ယက်တဲ့ သူတို့လယ်သမားတွေဆီ မျိုးစေ့ပေးဖို့ လိုတယ်” လို့  OCHA အကြီးအကဲ မာတင်ဂရပ်ဖင်းန် က ပြောပါတယ်။

“နိုင်ငံတစ်ဝန်းမှာရှိတဲ့ နေရာဒေသတွေမှာ ဆေးခန်းတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ပြီးတော့ အိမ်ပြန်ချင်တဲ့သူတွေ အားလုံးအတွက် အကာအကွယ် ဝန်ဆောင်မှုတွေ လိုအပ်ပါတယ်”

“ဒါဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် နိုင်ငံတစ်ခုတည်းအတွက် အကြီးမားဆုံး တောင်းဆိုမှုတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ တကယ်လိုအပ်တဲ့ ပမာဏထက် သုံးဆဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ပူးတွဲတောင်းခံမှုတွင် OCHA နှင့်ပူးပေါင်းလုပ်ဆောင်မည့် မိတ်ဘက်များအတွက် ဒေါ်လာ ၄.၄ ဘီလီယံ တောင်းခံထားပါတယ်။ ထို့အပြင် အာဖဂန်နစ္စတန်လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ပြည်ပသို့ ထွက်ပြေးသွားသော အာဖဂန်နိုင်ငံသား ၆ သန်းကျော်ကို ကူညီရန် ဒုက္ခသည်အေဂျင်စီအတွက် နောက်ထပ်ဒေါ်လာ ၆၂၃ သန်းတောင်းဆိုခဲ့ပါတယ်။

တာလီဘန်တို့ သိမ်းပိုက်ပြီးချိန်မှစ၍ ခန့်မှန်းခြေ ၁၇၅,၀၀၀ ခန့် နိုင်ငံသို့ ပြန်လာခဲ့ကြကြောင်း UNHCR မှ ပြောကြားခဲ့ပြီး အချို့ကလည်း နယ်စပ်ဖြတ်ကျော် လှည့်လည်သွားလာနေတယ်ဆိုပါတယ်။

Linko

Ref:TRT world

နယူးယောက်၊ ဇန်နဝါရီ ၁၂