【 နိုင်ငံတကာ 】စီးပွားရေးစင်္ကြံတည်ဆောက်မှု တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်၊ ရုရှားနှင့် မွန်ဂိုလီးယားတို့ ကတိပြု

【 နိုင်ငံတကာ 】စီးပွားရေးစင်္ကြံတည်ဆောက်မှု တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်၊ ရုရှားနှင့် မွန်ဂိုလီးယားတို့ ကတိပြု 

ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာခန်မြို့တွင် ကျင်းပခဲ့သည့် သုံးနိုင်ငံအစည်းအဝေးတွင် တရုတ်-ရုရှား-မွန်ဂိုလီးယား စီးပွားရေးစင်္ကြံတည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ငါးနှစ်သက်တမ်းထပ်မံတိုးရန် အတည်ပြုကြေညာခဲ့ကြပါတယ်။

တရုတ်-ရုရှား-မွန်ဂိုလီးယား စီးပွားရေးစင်္ကြံ၏ အဓိကလမ်းကြောင်းဖြစ်သည့် ရထားလမ်းအဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖြစ်နိုင်ချေများကို သုံးနိုင်ငံအစည်းအဝေးအတွင်း စတင်ဆွေးဆွေးခဲ့ကြပြီး၊ တရုတ်-ရုရှား ဓာတ်ငွေ့ပိုက်လိုင်း၏ မွန်ဂိုလီးယားအပိုင်း စီမံကိန်းကိုလည်း ရှေ့ဆက်ဆောင်ရွက်ရန် သုံးနိုင်ငံသဘောတူညီခဲ့ကြပါတယ်။

ဆဌမအကြိမ်မြောက် ကျင်းပသည့် သုံးနိုင်ငံအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မွန်ဂိုလီးယားသမ္မတ ယူခ်နာ အူရဲလ်ဆခ်တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ ၂၂ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများအစည်းအဝေးပြင်ပတွင် သုံးနိုင်ငံအစည်းအဝေးကို သီးသန့်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်-ရုရှား-မွန်ဂိုလီးယားကို ချိတ်ဆက်ပေးသည့် စီးပွားရေးစင်္ကြံကို သုံးနိုင်ငံစလုံး ထောက်ခံခဲ့ကြပြီး၊ စီးပွားရေး၊ ကုန်သွယ်မှု၊ သုံးနိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေမည့် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြကြောင်း တရုတ်သမ္မတ ရှီက ပြောကြားခဲ့ပါတယ်။

ထို့အပြင် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုများအတွက် လုံခြုံသည့်ပတ်ဝန်းကျင်ကို တည်ဆောက်ရာတွင် RMB Cross-Border Interbank Payment System တွင် ပါဝင်ရန်အတွက် ရုရှားနှင့် မွန်ဂိုလီးယား ငွေကြေးအဖွဲ့အစည်းများကို တရုတ်နိုင်ငံက ဖိတ်ခေါ်ကြိုဆိုကြောင်းလည်း တရုတ်သမ္မတ ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်က ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တိကျသည့်ရလဒ်များ ထွက်ပေါ်လာခဲ့ပြီး သုံးနိုင်ငံသည် အိမ်နီးချင်းမိတ်ဖက်များအဖြစ် အပြန်အလှန်နားလည်ပြီး၊ အပြန်အလှန်ပံ့ပိုးကူညီသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်၊ ရှရှားတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မြှင့်တင်ရေးသည် မွန်ဂိုလီးယား၏ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် အပြန်အလှန်အကျိုးရှိစေပြီး ပိုမိုအားကောင်းလာစေရန် ပူးတွဲအစီအစဉ်များနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း မွန်ဂိုလီးယားသမ္မတ အူရဲလ်ဆခ်က ပြောကြားခဲ့ပါတယ်။

Linko

Ref:CMG

ဆမာခန်၊ စက်တင်ဘာ ၁၆