【 နိုင်ငံတကာ 】တောင်ကိုရီးယားသမ္မတ ပါးစပ်ပိတ်ထားရန် မြောက်ကိုရီးယားပြော

【 နိုင်ငံတကာ 】တောင်ကိုရီးယားသမ္မတ ပါးစပ်ပိတ်ထားရန် မြောက်ကိုရီးယား ပြော

နျူကလီးယားဖျက်သိမ်းရေးအတွက် အပြန်အလှန်အားဖြင့် တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ စီးပွားရေး အကူအညီများပေးရန် စိတ်အားထက်သန်ကြောင်း ထပ်မံပြောကြားလိုက်သောကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံက တောင်ကိုရီးယား သမ္မတသည် ပါးစပ်ပိတ်နေသင့်သည်ဟု သောကြာနေ့တွင် ပြောလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတက ရဲရင့်သော စီမံကိန်းဟု ခေါ်သည့် ထိုအစီအစဉ်ကို သူ၏ သမ္မတသက်တမ်း ရက် ၁၀၀ ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး မကြာသေးမီက ထပ်မံပြောကြားသောကြောင့် မြောက်ကိုရီးယားအဆင့်မြင့်အရာရှိတစ်ဦးက ပထမဆုံးအကြိမ် တိုက်ရိုက်တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ “ဒီထက်ပိုကောင်းတာဘာမှ ပြောစရာမရှိတော့လို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေမယ့်အစား ပါးစပ်ပိတ်ထားတာ သူ့အတွက် ပိုကောင်းတယ်” ဟု ကင်ယိုဂျုံက မြောက်ကိုရီးယား KCNA သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားထားပြီး တောင်ကိုရီးယားသမ္မတ ယွန် က မြောက်ကိုရီးယား၏ ဂုဏ်သိက္ခာနှင့် နျူကလီးယား လက်နက်များကို ကုန်သွယ် ရေး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် လဲလှယ်မည်ဟုထင်ခြင်းသည် ကလေးဆန်သည့် စိတ်ကူးဖြစ်ကြောင်းပြောခဲ့ပါတယ်။

“ဘယ်သူကမှ ကိုယ့်ကံကြမ္မာကို ပြောင်းဖူးကိတ်နဲ့လဲမှာမဟုတ်ဘူး” ဟုလည်း သူမက ဆက်ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရသည့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ကင်၏ပြောကြားချက်များသည် လွန်စွာအရိုအသေကင်းမဲ့ပြီး မဖွယ်မရာများဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Linko

Ref:Reuters

ဆိုးလ်၊ ဩဂုတ် ၂၀