
【 နိုင်ငံတကာ 】 ဂါဇာအကျပ်အတည်း သက်သာစေရန် အရေးပေါ်လုပ်ဆောင်ရန်လိုဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
ပေကျင်း၊ နိုဝင်ဘာ - ၂၀
အာရပ်နှင့် မွတ်ဆလင်အများစုနိုင်ငံများမှ သံတမန်များကို ပေကျင်းတွင် တွေ့ဆုံစဉ် အစ္စရေး-ဟားမတ်စ် စစ်ပွဲ သက်သာစေရန် ကမ္ဘာ့အနေဖြင့် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့တွင် ပြောလိုက်ပါတယ်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေးဗီးယားနှင့် ဂျော်ဒန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ လျှော့ချရေးဆွေးနွေးရန် ယခုအပတ်အတွင်း ပေကျင်းတွင် ရောက်ရှိနေပါတယ်။
“ဂါဇာကအခြေအနေ အလျင်အမြန် အေးချမ်းဖို့နဲ့ အရှေ့အလယ်ပိုင်းမှာ အမြန်ဆုံး ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကျနော်တို့အတူတကွ လုပ်ဆောင်ရမယ်” ဟု ဝမ်က ထိုနိုင်ငံခြားရေးဝန်ကြီးများကို ပေကျင်းမှ ဒရောင်အိထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ပြောခဲ့ပါတယ်။
“ဂါဇာမှာ လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်နေတယ်” ဟု ဝမ်က အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်အပါအဝင် ထိုကိုယ်စားလှယ်များ ပြောပါတယ်။
“ဂါဇာကအခြေအနေဟာ တစ်ကမ္ဘာလုံးက နိုင်ငံအားလုံးကို ထိခိုက်စေပြီး အမှားနဲ့ အမှန်ကြား အဓိပ္ပါယ်နဲ့ လူသားထုရဲ့ အခြေခံကို မေးခွန်းထုတ်စရာဖြစ်နေတယ်” ဟု သူကပြောပါတယ်။
“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီကြေကွဲစရာဖြစ်ရပ် မပျံ့နှံ့အောင် ထိထိရောက်ရောက်လုပ်ပြီး အရေးပေါ်ဆောင်ရွက်ဖို့လိုတယ်” ဟု ဝမ်က ပြောခဲ့ပါတယ်။
ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် ထောင်ပေါင်းများစွာပါသော ကလေးများအပါအဝင် လူ ၁၃,၀၀၀ သေဆုံးသည်ဟု ဂါဇာမှ ဟားမတ်စ်အစိုးရ ပြောပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - Digitaljournal