【 နိုင်ငံတကာ 】 ပူတင်ထံမှ ကားလက်ဆောင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ရရှိ

【 နိုင်ငံတကာ 】 ပူတင်ထံမှ ကားလက်ဆောင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ရရှိ

မော်စကို၊ ဖေဖော်ဝါရီ - ၂၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံမှ ကားတစ်စီးကို ၎င်း၏ကိုယ်ပိုင်အသုံးပြုမှုအတွက် လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ကြောင်း တရားဝင်မီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့ရာ အဆိုပါဖြစ်ရပ်သည် မော်စကိုက သဘောတူညီထားသည့် ပြုံးယမ်းအပေါ် ကုလသမဂ္ဂ တားမြစ်ချက်ကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဆိုပါတယ်။

ယူကရိန်းတွင် ရုရှား၏ ကျူးကျော်မှုနှင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုတို့ကြောင့် နိုင်ငံတကာတွင် ၎င်းတို့အထီးကျန်မှု နက်ရှိုင်းလာချိန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပူတင်နှင့် ကင်ဂျုံအမ်တို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို ထူထောင်ခဲ့ကြပြီး နယ်ပယ်အားလုံးတွင် အပြန်အလှန်ဖလှယ်မှု မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ကြပါတယ်။

ကင်အား ပေးအပ်သည့် ရုရှားလုပ်ကားကို ဖေဖော်ဝါရီ ၁၈ ရက်က ရုရှားဘက်မှ ကင်၏ ထိပ်တန်းလက်ထောက်များထံ ပေးအပ်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကင်၏ ညီမဖြစ်သူက “ ကင်ဂျုံအမ်က ပူတင်အား ကျေးဇူးတင်ကြောင်း ရုရှားဖက်အား ပြောခဲ့ပြီး ယခုလက်ဆောင်က ထိပ်သီးခေါင်းဆောင်တွေကြား အထူးကိုယ်ရေးကိုယ်တာဆက်ဆံရေးရှိနေတာကို ရှင်းရှင်းလင်းလင်း သရုပ်ပြလိုက်တာလို့ ပြောခဲ့ကြောင်း” KCNA မှ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန် တိုက်တွန်းနေစဉ် ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုထဲမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်သောနည်းဖြင့် ထောက်ပံ့ပေးခြင်းကို တားမြစ်ထားပါတယ်။မြောက်ကိုရီးယားကို ဇိမ်ခံကားများအပါအဝင် နိုင်ငံတကာတွင် HS Code 86 မှ 89 အထိ အမျိုးအစားခွဲထားသော သယ်ယူပို့ဆောင်ရေး ယာဉ်အားလုံးကို ရောင်းချခြင်း (သို့မဟုတ်) ရွှေ့ပြောင်းခြင်းကိုပါ တားမြစ်ထားပါတယ်” လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်းလင်းဆွတ်ခ်က မီဒီယာများနှင့် တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ရုရှားနိုင်ငံ RIA သတင်းဌာနသို့ ပြောကြားရာတွင် ကိုရီးယားခေါင်းဆောင်သည် Aurus ကားကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ကားထုတ်လုပ်သူရဲ့ ဝက်ဘ်ဆိုဒ်အရဆိုရင် ဒီကားဟာ ရုရှားနိုင်ငံရဲ့ ပထမဆုံး ဇိမ်ခံဆီဒင်ကားဖြစ်ပါတယ်။ပူတင်၏ သမ္မတကား အမျိုးအစားလည်းဖြစ်ပါတယ်။စက်တင်ဘာလက ရုရှားနိုင်ငံ အရှေ့ဖျားရှိ အာကာသလွှတ်တင်ရေးစခန်းသို့ သွားရောက်လည်ပတ်စဉ် ကင်သည် Aurus Senat ဇိမ်ခံကားကို စစ်ဆေးခဲ့ပြီး ၎င်းကား နောက်ထိုင်ခုံပေါ်သို့ တက်စီးရန် ရုရှားခေါင်းဆောင်က ဖိတ်ကြားခဲ့ပါတယ်။

ကင်မှာ မော်တော်ယာဉ်ဝါသနာအိုးတစ်ဦးဟု ယုံကြည်ရပြီး ဇိမ်ခံနိုင်ငံခြားကားအများအပြားမှာ ခိုးသွင်းဖွယ်ရှိနေပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - The Globe and Mail