【 နိုင်ငံတကာ 】 မော်စကိုနှင့် ခရိုင်းမီးယားကို ဒရုန်းဖြင့် ယူကရိန်းတိုက်ခိုက်

【 နိုင်ငံတကာ 】 မော်စကိုနှင့် ခရိုင်းမီးယားကို ဒရုန်းဖြင့် ယူကရိန်းတိုက်ခိုက်

ကိယက်ဗ်၊ စက်တင်ဘာ - ၁၈

တနင်္ဂနွေနေ့အစောပိုင်းက ခရိုင်းမီးယားကို ယူကရိန်းက ဒရုန်းဖြင့် ပေါင်းစပ်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားကပြောခဲ့ပြီး မော်စကိုသို့ ဦးတည်တဲ့ ဒရုန်းများကြောင့် မြို့တော်ရဲ့ လေကြောင်းသွားလာမှု အနှောင့်အယှက်ဖြစ်ခဲ့သလို နိုင်ငံအနောက်တောင်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ခုမှာ  မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းမှာ ဒေသတွင်း အနည်းဆုံး ဒရုန်းနှစ်စင်း ပစ်ချခဲ့ကြောင်း မော်စကိုမြို့တော်ဝန်က ပြောကြားခဲ့ပြီး ရှေ့တန်းနှင့် ဝေးကွာသော ရုရှားနိုင်ငံရဲ့ အတွင်းကျကျဒေသတွေမှာ တိုက်ခိုက်မှုများတိုးလာကြောင်း ဆိုပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ယူကရိန်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး  အိုလက်ဒါနီလော့ဗ်က ကိယက်ဗ်၏ မဟာမိတ်များအား လက်နက်များပေးပို့မှု အရှိန်မြှင့်ရန် တိုက်တွန်းခဲ့ပြီး ယင်းမှာ စစ်ပွဲကို အဆုံးသတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောခဲ့တယ်ဆိုပါတယ်။

“ဥပမာအားဖြင့် - ရုရှားပင်လယ်နက်ရေတပ်အုပ်စုကို အပြီးအပြတ် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ဖယ်ရှားရှင်းလင်းရေးဟာ လုပ်ဆောင်နိုင်သော အလုပ်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ရုရှားရဲ့ စစ်ပွဲမှလွတ်ရန် နည်းလမ်းရှာဖွေမှုလုပ်ငန်းစဉ်ကို သိသိသာသာအရှိန်မြှင့်သင့်တယ်လို့” ဒါနီလော့ဗ်က Ukrainska Pravda သတင်းဝက်ဘ်ဆိုက်တွင် ရေးသားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ခရိုင်းမီးယားကို ဦးတည်နေသော မောင်းသူမဲ့လေယာဉ် ခြောက်စီးထက်မနည်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ဖျက်ချနိုင်ခဲ့တယ်လို့  ပြောကြားခဲ့ပါ တယ်။

မော်စကိုဒေသဖြစ်တဲ့ အိုင်စတာခရိုင်နဲ့ ရမ်မမ်စကီခရိုင်ဝန်းကျင်မှာ ဒရုန်းတစ်စီးပျက်ကျခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘေနင်က တယ်လီဂရမ်မှာပြောခဲ့ပြီး ဒရုန်းအပျက်အစီးများကြောင့် ထိခိုက်သေဆုံးမှု (သို့မဟုတ်) ပျက်စီးမှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒရုန်းတိုက်ခိုက်မှုများအတွင်း မော်စကိုမြို့၏ အဓိကလေဆိပ်များတွင် လေယာဉ်ခရီးစဉ် ၃၀ ထက်မနည်း နှောင့်နှေးခဲ့ရပြီး ခြောက်ခုကို လေကြောင်းအာဏာပိုင်များက ဖျက်သိမ်းခဲ့ရကြောင်း ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီများက ပြောပါတယ်။

အခြားဒရုန်းတစ်စီးမှာ ရုရှားနိုင်ငံ ဗိုရိုနေ့ခ်ျဒေသတွင် ပျက်ကျခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အလက်ဆန်ဒါးဂူဆက်နှင့် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ဂူဆက်၏ ပြောကြားချက်အရ အသေအပျောက် (သို့မဟုတ်) ပျက်စီးမှုမရှိကြောင်း သိရပါတယ်။

Linko
Ref - Dawn