
【 နိုင်ငံတကာ 】 ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်ကာ ရုရှားက အရပ်သားများကို အမြှောက်ဖြင့်ပစ်ခတ်
ကိယက်ဗ်၊ စက်တင်ဘာ - ၂၇
ယူကရိန်းတပ်ဖွဲ့ဝင်များသည် တောင်နှင့် အရှေ့ဘက်၌ ထိုးစစ်ဆင်မှုများပြုလုပ်နေချိန် ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းတောင်ပိုင်း နီကိုပိုလ်နှင့် ခါဆန်ဒေသကို ညပိုင်းက အမြှောက်များဖြင့် ပစ်ခတ်မှုအသစ်ပြုလုပ်ခဲ့ရာမှာ အဆောက်အဦများ၊အခြေခံအဆောက်အအုံများပျက်စီးကာ အရပ်သားများထိခိုက်ခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၂၇ ရက် အစောပိုင်းက ပြောခဲ့ပါတယ်။
ရုရှားတပ်များက အမြှောက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရက်က ခါဆန်မှာ လူ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ အိုလက်ဆန်ဒါပရိုကူဒင်က တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။
နီကိုပိုလ်ဒေသမှာ ရုရှား အမြှောက်နဲ့ပစ်ခတ်မှုကြောင့် လူနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒီနီပရိုပက်ထရိုဗက်ဒေသရဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ ဆာဟိုင်းလိုင်ဆက်ခ်က စက်တင်ဘာ ၂၇ ရက်က တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
“ရန်သူက ညဘက် မြန်ရီဗက်စကာ ဟရိုမာဒါနဲ့ နီကိုပိုလ်မြို့ကို အမြောက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်” လို့ လိုင်ဆက်ခ်က ရေးခဲ့ပါတယ်။
၎င်းက ဖြည့်စွက်ပြီး ဒဏ်ရာရသူနှစ်ဦးမှာ အလယ်အလတ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုအတွင်း နှစ်ထပ်အဆောက်အအုံ မီးလောင်ခဲ့ကြောင်း ၎င်းကပြောခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားနေတဲ့ အရှေ့ပိုင်း ဘတ်ခ်မွတ်မြို့နဲ့ တောင်ပိုင်း မီလီတိုပိုလ်ဒေသကို ဦးတည်ပြီး ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရှေ့တန်းတစ်လျှောက် အလွန်နီးကပ်တဲ့ အနီးကပ်တိုက်ပွဲ ၂၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုပါတယ်။
Linko
Ref - Radio Free Europe Radio Liberty