【 နိုင်ငံတကာ 】 လက်နက်ချ စစ်သားများကို ရုရှားသတ်ဖြတ်ခြင်း ရှိ၊ မရှိ ယူကရိန်းစစ်ဆေးနေ

【 နိုင်ငံတကာ 】 လက်နက်ချ စစ်သားများကို ရုရှားသတ်ဖြတ်ခြင်း ရှိ၊ မရှိ ယူကရိန်းစစ်ဆေးနေ

ကိယက်ဗ်၊ ဒီဇင်ဘာ - ၄

ယူကရိန်း စစ်မှုထမ်းနှစ်ဦးကို လက်နက်ချပြီးနောက် ရုရှားတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်း ရှိ၊ မရှိကို ယူကရိန်းအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

သက်သေအဖြစ် သတ်ဖြတ်သည့် အဆိုပါအဖြစ်အပျက် ဗီဒီယိုကို လူမှုကွန်ရက်ပေါ်တွင် မျှဝေပြီးနောက် တစ်ရက်အကြာတွင် ယူကရိန်းအစိုးရက ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးမှ ကြီးကြပ်ကွပ်ကဲနေသည့် အဆိုပါစုံစမ်းစစ်ဆေးမှုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်မှာ ယူကရိန်းအရှေ့ပိုင်းဒေသ ဒွန်နက်ခ်အနီး စတက်ပိုဗက်ရွာအပြင်ဘက်က စောင့်ကြည့်ရေးစခန်းတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာလို့ အစိုးရရှေ့နေချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းထုတ်ပြန်ချက်တွင် “စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာဟာ ဂျီနီဗာသဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် သတ်မှတ်ပါတယ်” ဟု ဖော်ပြထားပါတယ်။

အဆိုပါဗီဒီယိုဖိုင်တွင် စစ်သုံ့ပန်းနှစ်ဦးကို ‘ကွပ်မျက်’ တာကို ပြသခဲ့ကြောင်း ယူကရိန်းစစ်တပ်က စနေနေ့တွင် ပြောကြားခဲ့ပါတယ်။ CNN အနေဖြင့် အဆိုပါဗီဒီယို စစ်မှန်မှုကို သီးခြားအတည်မပြုနိုင်ပေ။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရာဇဝတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ယင်းအပေါ် ကရင်မလင်က မှားယွင်းလုပ်ဆောင်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာ ရုရှားသမ္မတ ပူတင်ကို ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံကို ပို့ဆောင်တဲ့ အစီအစဉ်ကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ယူကရိန်းအရာရှိများဟာ များပြားလှသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေပြီး ဒီထဲမှာ ကလေးပေါင်း ၃,၀၀၀ ပါဝင်ပါတယ်။

ယူကရိန်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ ဒီမီထရိုလူဘီနက်က လက်နက်မဲ့ စစ်သားများကို သတ်ဖြတ်ခြင်းဟာ သီးခြားဖြစ်ရပ်တစ်ခု မဟုတ်ကြောင်း စနေနေ့က Telegram တွင်ရေးသားခဲ့ပါတယ်။

မတ်လတွင် ထွက်ပေါ်လာသော ဗီဒီယိုတစ်ခုတွင် ရုရှားတပ်များက ဖမ်းဆီးထားသော ယူကရိန်းစစ်သားတစ်ဦးကို ကွပ်မျက်သည်ကို ပြသနေပြီး နောက်လတွင် ရုရှားလိုလားသော လူမှုမီဒီယာ၌ ထွက်ပေါ်လာသည့် ဗီဒီယိုနှစ်ခုတွင် ယူကရိန်းတပ်ဖွဲ့ဝင်များကို ခေါင်းဖြတ်သတ်နေသည့် ရုရှားတပ်ဖွဲ့ဝင်များကို ကင်မရာဖြင့် ရိုက်ကူးထားတာကို ပြခဲ့ပါတယ်။

ယူကရိန်းတာဝန်ရှိသူများအနေဖြင့် ကျူးလွန်သည့် ရုရှားစစ်သားများကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း လူဘီနက်က ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CNN