【 နိုင်ငံတကာ 】 သပိတ်မှောက်နေသော ဆရာဝန်များ လုပ်ငန်းခွင်ပြန်မ၀င်လျှင် အရေးယူမည်ဟု တောင်ကိုရီးယားပြော

【 နိုင်ငံတကာ 】 သပိတ်မှောက်နေသော ဆရာဝန်များ လုပ်ငန်းခွင်ပြန်မ၀င်လျှင် အရေးယူမည်ဟု တောင်ကိုရီးယားပြော

ဆိုးလ်၊ မတ် - ၃
 
ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး စီမံချက်ကို သပိတ်မှောက်သည့် ဆရာဝန် ၉၀၀၀ ခန့်အနက် ခေါင်းဆောင်သည့် ဆရာဝန်အချို့အပါအ၀င် ဆရာဝန် ၁၃ ဦး အလုပ်ပြန်မဆင်းလျှင် အရေးယူမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက သောကြာနေ့တွင် လူသိရှင်ကြားကြေညာခဲ့ပါတယ်။
 
ရဲတပ်ဖွဲ့ဝင်များသည် ဆရာဝန်များအသင်း အရာရှိများကို မတ်လ ၁ ရက်နေ့တွင် ၀င်ရောက်စီးနင်းပြီးနောက် ထိုသို့တရားဝင်ကြေညာချက်ကြောင့် တောင်ကိုရီးယားအစိုးရသည် သပိတ်မှောက်နေသည့် အလုပ်သင်ဆရာဝန်များ (သို့မဟုတ်) ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သည့် ဆရာဝန်များအပေါ် တင်းမာသည့်သဘောထား ဆက်လက်ထားရှိသည့် လက္ခဏာဖြစ်ပါတယ်။
 
တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့ဝက်ဘ်ဆိုက်တွင် ဆရာဝန် ၁၃ ဦး၏ လိုင်စင်နံပါတ်များနှင့် ဆေးရုံအမည်များကို ဖော်ပြခဲ့ပြီး အလုပ်ပြန်ဆင်းရန် (သို့မဟုတ်) လိုင်စင်ရုပ်သိမ်း သို့မဟုတ် ရာဇ၀တ်မှုစွပ်စွဲချက် ရင်ဆိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
 
“ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ပြန်လည်စတင်ရန် အမိန့်ကိုလိုက်နာရန် ပျက်ကွက်ပါက စည်းကမ်းထိန်းသိမ်းရေးနှင့် ရာဇ၀တ်ကြောင်း စီရင်ခြင်းကို ခံရနိုင်ကြောင်း အသိပေးလိုသည်” ဟု ထိုအမိန့်တွင် ဖော်ပြထားပါတယ်။
 
ကြာသပတေးနေ့ နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ရန် ဆရာဝန်များကို အစိုးရက ပြောကြားထားသော်လည်း ကျန်းမာရေးဝန်ကြီးဌာန  စာရင်းများအရ အလုပ်သင်ဆရာဝန် ၃ ပုံ ၂ ပုံ (သို့မဟုတ်) ၉၀၀၀ နီးပါးသည် ထိုအမိန့်ကို လိုက်နာခြင်းမရှိကြောင်း သိရပါတယ်။
 
ဆရာဝန်များသည် တနင်္ဂနွေနေ့တွင် လူထုဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ထားပြီး လူ ၂၅,၀၀၀ လည်း ပါဝင်ဆန္ဒပြမည်ဟု တောင်ကိုရီးယားမီဒီယာများ ပြောပါတယ်။
 
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆရာဝန်/လူဦးရေအချိုးအစား အနိမ့်ဆုံးဖြစ်နေသောကြောင့် တောင်ကိုရီးယားအစိုးရသည့် လာမည့်နှစ်မှစတင်ပြီး နှစ်စဉ် ဆေးကျောင်းသား နောက်ထပ် ၂၀၀၀ တိုးချဲ့သင်ကြားရန် စီစဉ်ထားပါတယ်။
 
ထိုပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် ၀န်ဆောင်မှုနှင့် ဆေးပညာအဆင့်အတန်းကို ထိခိုက်စေမည်ကို ဆရာဝန်များ စိုးရိမ်ကြသော်လည်း ဝေဖန်သူများက ထိုဆရာဝန်များသည် ၎င်းတို့လစာနှင့် လူမှုအဆင့်အတန်းကို ကာကွယ်ရန် ကြိုးစားနေသည်ဟု စွပ်စွဲကြပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG