【 နိုင်ငံတကာ 】 အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံး

【 နိုင်ငံတကာ 】 အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ - ၄

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားတွင် မာရာပီမီးတောင် ပေါက်ကွဲပြီးနောက် တနင်္လာနေ့က တောင်တက်သမား ၁၁ ဦး သေဆုံးသည်ကို တွေ့ရှိရကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးကပြောခဲ့ပြီး ပျောက်ဆုံးနေသူ ၁၂ ဦးကို ရှာဖွေရန် စိုးရိမ်ရသည့် လုံခြုံရေးအခြေအနေကြောင့် ယာယီရပ်ဆိုင်းခဲ့တယ် ဆိုပါတယ်။

တနင်္လာနေ့တွင် အသက်ရှင်ကျန်ရစ်သူ သုံးဦးကို တောင်တက်သမား ၁၁ ဦး၏ ရုပ်အလောင်းများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ပြီး တနင်္ဂနွေနေ့က မီးတောင်ပေါက်ကွဲချိန်တွင် ယင်းဧရိယာတစ်ဝိုက် ၇၅ ဦးရှိကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုဒီဟာရာဝမ်က ပြောခဲ့ပါတယ်။

အမြင့် ၂,၈၉၁ မီတာရှိ မီးတောင်သည် တနင်္ဂနွေနေ့က ကောင်းကင်ယံသို့ သုံးကီလိုမီတာအထိ ပြာများကို လွှင့်ထုတ်ခဲ့ပါတယ်။အာဏာပိုင်များက သတိပေးချက်ကို ဒုတိယအမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ပြီး မီးတောင်ဝမှ သုံးကီလိုမီတာအတွင်း လူမနေရန် ဒေသခံများကို တားမြစ်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းများအရ မီးတောင်ပြာများ ကောင်းကင်ယံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး ကားများနှင့် လမ်းများ  မီးတောင်ပြာများဖြင့် ဖုံးအုပ်နေသည်ကို ပြသခဲ့ပါတယ်။

တနင်္လာနေ့တွင် အသေးစားပေါက်ကွဲမှု ထပ်ဖြစ်သဖြင့် ရှာဖွေမှု ရပ်ဆိုင်းခဲ့ရကြောင်း ဂျိုဒီက ပြောကြားခဲ့ပါတယ်။ဆက်လက်ရှာဖွေနေပါက အန္တရာယ်များလွန်းကြောင်း ၎င်းကဆိုပါတယ်။

တနင်္လာနေ့အစောပိုင်းတွင် အဆိုပါဒေသမှ တောင်တက်သမား ၄၉ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး အများအပြားမှာ မီးလောင်ဒဏ်ရာများအတွက် ကုသမှုခံယူနေရကြောင်း သိရပါတယ်။

မာရာပီမီးတောင်မှာ ဆူမားတြားကျွန်းရှိ အလှုပ်ရှားဆုံး မီးတောင်များထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ အဆိုးရွားဆုံးပေါက်ကွဲမှုအဖြစ် ၁၉၇၉ ခုနှစ် ဧပြီလတွင် ပေါက်ကွဲခဲ့ရာ လူ ၆၀ သေဆုံးခဲ့ပါတယ်။ယခုနှစ်တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကြားတွင် ပေါက်ကွဲခဲ့ပြီး တောင်ထိပ်မှ ၇၅ မီတာမှ ၁၀၀၀ မီတာအထိ ပြာများ မှုတ်ထုတ်ခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AsiaOne