【 နိုင်ငံတကာ 】 အင်ဒို-ပစိဖိတ်ဒေသတွင် မြေပြင်အခြေစိုက် ဒုံးကျည်များ လာမည့်နှစ်တွင် အမေရိကန် ဖြန့်ကြက်ချထားမည်

【 နိုင်ငံတကာ 】 အင်ဒို-ပစိဖိတ်ဒေသတွင် မြေပြင်အခြေစိုက် ဒုံးကျည်များ လာမည့်နှစ်တွင် အမေရိကန် ဖြန့်ကြက်ချထားမည်

ဝါရှင်တန်၊ ဒီဇင်ဘာ - ၅

တရုတ်အင်အားကြီးလာမှုကို ဟန့်တားရန်အတွက် အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် မြေပြင်အခြေစိုက် တာလတ်ပစ် ဒုံးကျည်များ လာမည့်နှစ်တွင် ဖြန့်ကြက်ရန် စီစဉ်နေပါတယ်။    

ဒုံးကျည်ရွေးချယ်မှုအဖြစ် မြေပြင်အခြေစိုက် Standard Missile-6 (SM-6) နှင့် Tomahawk ခရုဇ်ဒုံးပျံများ ပါဝင်သည်ဟု အမေရိကန်စစ်တပ် ပစိဖိတ်ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရော့ဘ်ဖီးလစ်ကို ကိုးကား၍ Nikkei သတင်းဌာနက ဖော်ပြခဲ့ပါတယ်။     

ဒုံးကျည်အမျိုးအစားနှစ်ခုစလုံးမှာ အကွာအဝေး ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) နှင့် ၂,၅၀၀ ကီလိုမီတာ (၁,၅၅၃ မိုင်) အတွင်းရှိ ပစ်မှတ်များကို အသီသီးထိမှန်အောင် ပစ်ခတ်နိုင်ကာ Typhon လက်နက်စနစ်ဟု လူသိများသော အမေရိကန်စစ်တပ်၏ တာလတ်ပစ် (Mid-Range Capability) စနစ်မှ ပစ်ခတ်နိုင်ကြောင်း သိရပါတယ်။

မြေပြင်အခြေစိုက် ဒုံးကျည်များသည် ရေတပ်သင်္ဘောများနှင့် တိုက်ခိုက်ရေးလေယာဉ်များကဲ့သို့ ဆိပ်ကမ်းများနှင့် ပြေးလမ်းများ မလိုအပ်ဘဲ အခြားသော အဟန့်အတားရွေးချယ်မှုများထက် ထောက်လှမ်းမှုနှင့် ရန်သူတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခြေ ပိုများပါတယ်။

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ မာခ်ကန်ကိမ်းက တရုတ်ဒုံးကျည်များသည် “ပစိဖိတ်အနောက်ဘက်ရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းများကို ခြိမ်းခြောက်လာမှာဖြစ်ပြီး အမေရိကန်ဟာ အလားတူ စွမ်းဆောင်ရည်မျိုး လိုအပ်တာကြောင့် သင်္ဘောတွေနဲ့ လေယာဉ်တွေကို အန္တရာယ်မကျရောက်စေဘဲ တရုတ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်ပါတယ်” လို့ Nikkei သို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ သဘောတူစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ယင်းကဲ့သို့ အကွာအဝေးအထိ ပစ်ခတ်နိုင်သော ဒုံးကျည်များမှာ အမေရိကန်၏ ပထမဆုံး ဖြန့်ကြက်နိုင်ဖွယ်ရှိသော ဒုံးကျည်များဖြစ်ပါတယ်။

၁၉၈၇ ခုနှစ် စာချုပ်တွင် အမေရိကန်နှင့် ရုရှားတို့သည် အကွာအဝေး ၅၀၀ ကီလိုမီတာ (၃၁၁ မိုင်) မှ ၅,၅၀၀ ကီလိုမီတာ (၃,၄၁၇ မိုင်) ရှိသော မြေပြင်အခြေစိုက် ဒုံးကျည်များ တီထွင်ဖန်တီးပိုင်ဆိုင်ခွင့်ကို တားမြစ်ထားပါတယ်။

“အဓိကအားဖြင့် ဂူအမ်ဒေသမှာရှိတဲ့ အမေရိကန်ပိုင်နက် နယ်မြေတွေမှာ ဒါတွေကို အမြဲတမ်းဖြန့်ကြက်သွားမှာပါ” ဟု Carnegie Endowment for International Peace မှ အကြီးတန်းအရာရှိ အန်ကစ် ပန်ဒါ၏ ပြောကြားချက်ကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားပါတယ်။

ဂူအမ်သည် တရုတ်ပြည်မကြီးမှ ကီလိုမီတာ ၄,၀၀၀ (၂,၄၈၅ မိုင်) အကွာတွင် တည်ရှိပြီး အာရှမဟာမိတ်များထံသို့ အရေးပေါ်အခြေအနေများ တုံ့ပြန်ရန်အတွက်  ဂူအမ်မှ ဒုံးကျည်များကို လျင်မြန်စွာ ဖြန့်ကြက်နိုင်မည်ဖြစ်တယ် ဆိုပါတယ်။

သို့သော်လည်း ယခုအချိန်တွင် တရုတ်၏ အိမ်နီးချင်း ဂျပန်နှင့် ဖိလစ်ပိုင်တို့မှာ အလားအလာရှိသော တရုတ်ပစ်မှတ်ဖြစ်လာနိုင်သည့် အန္တရာယ်ကြောင့် ယင်းလက်နက်များကို လက်ခံဖြန့်ကြက်ရန် တွန့်ဆုတ်နေကြတယ်လို့ Nikkei က ဆိုပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Nikkei