【 နိုင်ငံတကာ 】 INDUS-X ထိပ်သီးဆွေးနွေးပွဲက အိန္ဒိယ-အမေရိက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးမည်

【 နိုင်ငံတကာ 】 INDUS-X ထိပ်သီးဆွေးနွေးပွဲက အိန္ဒိယ-အမေရိက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးမည်

နယူးဒေလီ၊ ဖေဖော်ဝါရီ - ၂၁

အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး အရှိန်မြှင့်တင်ရေး ဂေဟစနစ် ထိပ်သီးဆွေးနွေးပွဲ INDUS-X ထိပ်သီးဆွေးနွေးပွဲကို နယူးဒေလီတွင် အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။

နှစ်ရက်ကြာ ထိုထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား သေနင်္ဂဗျူဟာကျသော နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွက် အကောင်းဆုံးတီထွင်ဆန်းသစ်မှုဌာန (iDEX) နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့က အမေရိကန်-အိန္ဒိယ စီးပွားရေးကောင်စီနှင့် အိန္ဒိယကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများအသင်း (SIDM) တို့နှင့် ပူးပေါင်းကျင်းပသည့် ထိုထိပ်သီးဆွေးနွေးပွဲကို ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်စဉ် ၂၀၂၃ ခုနှစ် ဇွန်လကစပြီး ကျင်းပလာတာဖြစ်ပါတယ်။

ထိုထိပ်သီးဆွေးနွေးပွဲသည် ကာကွယ်ရေး တီထွင်ဆန်းသစ်မှုအတွက် အခွင့်အလမ်းများ ရှာဖွေရန်နှင့် အရှိန်မြှင့်တင်ရန်ဖြစ်ပြီး နှစ်နိုင်ငံလုံးမှ သက်ဆိုင်သူများ တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲတွင် အဖွဲ့လိုက်ဆွေးနွေးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝါရင့်ခေါင်းဆောင်များဖိုရမ်များ၊ စိန်ခေါ်မှုများအတွက် ပူးတွဲအနိုင်ရသူများကို ဂုဏ်ပြုပွဲများပါဝင်ပြီး ထိုထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု-အိန္ဒိယ ကာကွယ်ရေးဆက်ဆံမှု အနာဂတ်ကို ပုံဖော်ပေးရန် ရည်ရွယ်ကြောင်း သိရပါတယ်။

တက်ရောက်သူများတွင် အစိုးရ၊ ပညာရပ်ဆိုင်ရာ၊ သုတေသနအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကာကွယ်ရေးပစ္စည်း လုပ်ငန်းသစ်များ၊ နည်းပညာမွေးထုတ်သူများနှင့် စက်မှုအသင်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရပါတယ်။

အနာဂတ် နည်းပညာတိုးတက်မှုများနှင့် သေနင်္ဂဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းခင်းပေးမည်ဟု မျှော်လင့်ရသည့် ထိုထိပ်သီးဆွေးနွေးပွဲသည် နိုင်ငံဖြတ်ကျော် သိပ္ပံနှင့် နည်းပညာ ကွန်ရက်များကို ပြုစုပျိုးထောင်မည်ဖြစ်ပါတယ်။

ထိုထိပ်သီးဆွေးနွေးပွဲသည် ပြည်တွင်းလုပ်ငန်းများ၊ ဈေးကွက်များ၊ ကျွမ်းကျင်မှု အင်စတီကျူးရှင်းများ၊ အစိုးရ ဓာတ်ခွဲခန်းများ၊ တီထွင်ဆန်းသစ်မှု ဂေဟစနစ်များအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအကြား ဆက်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - The Economic Times