
ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?
ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် အထက်တန်းပြ ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး၍ အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ နွားကူးကျေးရွာတွင် ယနေ့ စက်တင်ဘာ (၂၇) ရက် နေ့လယ်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ပိုလီယိုရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ စျေးကြီးရပ်ကွက်၊ အနောက်မင်းလမ်းရှိ ဆေးဆိုင်တစ်ဆိုင်ရှေ့တွင် ယနေ့ စက်တင်ဘာ (၂၇) ရက် နံနက် (၇) နာရီကျော်ခန့်က သေဆုံးနေသည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံအတွင်းဝင်ရောက်မယ့် မြန်မာနိုင်ငံသား တစ်ထောင်ကျော် မူဆယ်၊ ငွေဆင်အိမ်ရာမှာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့မနက်ကစပြီး စောင့်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ရင် ဒါမှမဟုတ် လိမ်လည်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို ရောင်းချရင် ထောင်ခြောက်လအထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ဒလမြို့၊ မြို့မရဲစခန်း၊ အချုပ်ခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားတဲ့ အချုပ်သား ၆ ဦးကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။