【ပြည်တွင်း】တရုတ်နိုင်ငံသို့ ဇန်နဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ မက်ထရစ်တန်ချိန် တစ်သိန်းနှစ်သောင်းခွဲကျော်တင်ပို့ထား

【ပြည်တွင်း】တရုတ်နိုင်ငံသို့ ဇန်နဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ မက်ထရစ်တန်ချိန် တစ်သိန်းနှစ်သောင်းခွဲကျော်တင်ပို့ထား

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ဆန်နှင့်ဆန်ကွဲများ တင်ပို့လျက်ရှိရာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ ဆန်နဲ့ဆန်ကွဲ မတ်ထရစ်တန်ချိန် ၁၂၅,၄၆၃ တန် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အချက်အလက်တွေအရ သိရပါတယ်။

ပြည်ပသို့တင်ပို့ရာမှာ တရုတ်နိုင်ငံကို ဆန်တင်ပို့တာအများဆုံးဖြစ်နေပြီး ဆန်မက်ထရစ်တန်ချိန် ၅၆,၆၇၄ တန် ရှိပြီး ဆန်ကွဲတင်ပို့မှုအနေနဲ့တော့ ၆၈၇၈၉ မက်ထရစ်တန် ရှိနေပြီး အဲ့ဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်ဝယ်ယူမှုမှာ ၃၃၂၅၀ မက်ထရစ်တန်နဲ့ ဒုတိယတင်ပို့မှုအများဆုံးဖြစ်နေပြီး ဘယ်လ်ဂျီယံနိုင်ငံကတော့ ဆန်ကွဲဝယ်ယူမှု မှာ ၁၄၂၀၀ မက်ထရစ်တန်နဲ့ ဒုတိယရပ်တည်နေပါတယ်။

အဲ့ဒီနောက်မှာတော့ ဆန်ဝယ်ယူမှုထိပ်တန်းနိုင်ငံများအဖြစ် ဖိလစ်ပိုင်၊ စပိန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့က အဆင့်ဆင့်ရပ်တည်နေပြီး ဆန်ကွဲတင်ပို့မှုတော့ ယူကေ၊ နယ်သာလန်နဲ့စပိန်တို့က အသီးသီးဝယ်ယူထားကြပြီး အခြားနိုင်ငံတွေကို တင်ပို့မှုကတော့ ဆန်တင်ပို့မှု ၃၁၁၃၃ မက်ထရစ်တန်နဲ့ ဆန်ကွဲတင်ပို့မှု ၃၀၈၅ မက်ထရစ်တန်ဆိုပြီး အသီးသီးရှိနေကြပါတယ်။

ဇန်နဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ ကုမ္ပဏီ ၄၉ ခုရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု ၂၆၈၈၃၅ မက်ထရစ်တန် တင်ပို့ ထားကာ ဆန်တင်ပို့မှု စုစုပေါင်း ၁၇၁၈၁၁ မက်ထရစ်တန်နဲ့ ဆန်ကွဲတင်ပို့မှုကတော့ စုစုပေါင်း ၉၇၀၂၄ မက်ထရစ် တန်ရှိနေပါတယ်။

အဆိုပါတင်ပို့မှုတွေအနက် ပင်လယ်ရေကြောင်းကုန်သွယ်ရေးကနေ ၂၂၂၄၁၄ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကနေတင်ပို့မှုအနေနဲ့တော့ စုစုပေါင်း ၄၆၄၂၁ မက်ထရစ်တန် တင်ပို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလနဲ့နှိုင်းယှဉ်ပါက တင်ပို့မှု မက်ထရစ်တန်ချိန် ၂၂၈၀၀၀ ကျော်တင်ပို့လာနိုင်တာလည်း ဖြစ်ပါတယ်။

၀၀၅

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁