【ပြည်တွင်း】အရောင်းအဝယ်အေးနေသော်လည်း ခေါက်ထီးတစ်လက် ကျပ် ၁၀၀၀၀ ကျော်ဖြစ်နေ

【ပြည်တွင်း】အရောင်းအဝယ်အေးနေသော်လည်း ခေါက်ထီးတစ်လက် ကျပ် ၁၀၀၀၀ ကျော်ဖြစ်နေ

ယခုအခါ မိုးတွင်းကာလဖြစ်ပေမယ့် ထီးမျိုးစုံစျေးကွက်ထဲမှာ အရောင်းအဝယ်အေးနေသော်လည်း စျေးနှုန်းများ မြင့်မားလာကာ ခေါက်ထီးတစ်လက်လျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ဖြစ်လာတယ်လို့ ရန်ကုန်မြို့ရှိ လက်လီလက္ကား စျေးတွေ ထဲက ရောင်းချနေတဲ့ဆိုင်တွေကနေ သိရပါတယ်။
 
“စျေးကတော့ သိတဲ့အတိုင်းပဲလေ၊ အကုန်လုံးတက်နေတာ၊ အစ်ကိုတို့ရောင်းတဲ့ ထီးတွေတင်မကပါဘူး၊ အကုန်လိုက်တက်နေတာပဲ၊ အရောင်းအဝယ်ကမကောင်းဘူး၊ တော်တော်လေးအေးတာ၊ အရင်တုန်းကဆိုရင် မိုးတွင်းမှာက ထီးတွေအရောင်းသွက်တယ်လေ၊ အခုက စီးပွားရေးကျပ်တည်းတာလည်းပါမှာပေါ့၊ ရောင်းကိုမရောင်းရဘဲနဲ့ စျေးတွေက သိသိသာသာကိုတက်နေတာ”လို့လည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ထီးမျိုးစုံအရောင်းဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောပြပါတယ်။
 
သာမန်အားဖြင့် နှစ်စဉ် မေလလောက်မှ စတင်ကာ အောက်တိုဘာလောက်အထိ ထီးမျိုးစုံစျေးကွက်ထဲ အရောင်းအဝယ် သွက်လေ့ရှိပြီး ယခုလို ဩဂုတ်၊ စက်တင်ဘာလောက်မှာ ရောင်းအားအကောင်းဆုံးသော အခြေအနေမျိုးဖြစ်ခဲ့ဖူးပေမယ့် ယခုနောက်ပိုင်းမှာ အရောင်းအဝယ်ကျဆင်းလာကာ ယခု ၂၀၂၂ ခုနှစ်မိုးတွင်းကာလမှာတော့ သိသိသာသာ အရောင်းအဝယ် အေးစက်ခဲ့တယ်လို့ ဆိုကြပါတယ်။
 
“စျေးတွေတက်တာမှ တော်တော်လေးကို အံ့ဩလောက်အောင်ပါပဲ၊ မတရားကိုတက်တာ၊ အရင် ၄၀၀၀ တန်လောက် ခေါက်ထီးတစ်လက်က အခု ၁၀၀၀၀ ကျော်ဖြစ်နေတယ်၊ ဒီနှစ်တော့ အသစ်မဝယ်တော့ဘူး၊ ရှိတာလေးပဲ ပြန်ပြင်ပြီး ဆောင်းတယ်၊ ဒါတောင်မှ ထီးကိုင်းတစ်ချောင်းက ကလစ်လေးသံချေးတက်ပြီးပြုတ်လို့ ထီးဆိုင်မှာ ကလစ်သေးသေးလေး ပြန်ထည့်တာတောင် ထီးပြင်သမားက ငွေ ၅၀၀ တောင်းတယ်၊ အရင် ၅၀၊ ၁၀၀ နဲ့လုပ်လို့ရတာက အခု ၅၀၀ တဲ့၊ အကုန်လုံး စျေးတက်နေတာ ကြာရင်တော့မလွယ်ဘူး”လို့လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းမှာ နေထိုင်သူတစ်ဦးက ၎င်းကြုံရတဲ့အခြေအနေကို ပြောပြပါတယ်။
 
အဆိုပါထီးမျိုးစုံစျေးကွက်ထဲမှာ အရည်အသွေးနိမ့်ကာ ကြော်ငြာလုပ်ငန်းတွေအတွက် တံဆိပ်ရိုက်ပြီး အသုံးပြုလေ့ရှိတဲ့ ခေါက်ထီးရှည်တွေက လက်ရှိမှာ ၅၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်ကြား၊ ဂျပန်ခေါက်ထီးရှည်မှာ ၉၈၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ကြား၊ ထီးကိုင်းအရိုးတောင့်တင်းကာ ဂေါက်ကွင်းတွေမှာအသုံးပြုတဲ့ထီးရှည်မျိုးဟာ ကျပ် ၁၅၀၀၀ မှ ကျပ် ၁၈၀၀၀ ကြား၊ ခေါက်ထီးတိုတွေဟာ အမှတ်တံဆိပ်နဲ့ အရည်အသွေးပေါ်မူတည်ပြီး အရည်အသွေးနိမ့်အပါးတွေဟာ ၄၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်ကြား၊ အရိုးအဆစ်တောင့်တင်းပြီး အရည်အသွေးကောင်းကောင်း ခေါက်ထီးတိုတွေဟာ ၆၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကြား စတဲ့ စျေးနှုန်းမျိုးတွေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
 
ရန်ကုန်၊ ဩဂုတ် ၁၈