【 ပြည်တွင်း 】ကျော်ကြားသူများကဲ့သို့ အတုလုပ်၍ အွန်လိုင်းလောင်းကစား၌ အသုံးချမှုများရှိနေ

【 ပြည်တွင်း 】ကျော်ကြားသူများကဲ့သို့ အတုလုပ်၍ အွန်လိုင်းလောင်းကစား၌ အသုံးချမှုများရှိနေ

ယခုအခါ အွန်လိုင်းလောင်းကစား စာမျက်နှာတွေနဲ့ အကောင့်တွေမှာ ကျော်ကြားသူတွေရဲ့နာမည်တွေနဲ့ဓာတ်ပုံတွေ သုံးစွဲပြီး ကျော်ကြားသူတွေကဲ့သို့ အတုပြုလုပ်ကာ အသုံးချလုပ်ဆောင်တာတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံသူတွေဆီက သိရပါတယ်။

“ကျွန်မအမည်နဲ့ ကျွန်မဓာတ်ပုံကိုသုံးပြီး ထင်​​ယောင်ထင်မှားဖြစ်​အောင် ဖန်တီး​နေတဲ့ အ​ကောင့်တု​က ​လောင်းကစား​တွေတင်နေတာကို စိတ်မချမ်း​​မြေ့ဖွယ်​တွေ့​နေရပါတယ်၊ ဒီ့ထက်ဆိုးတာက​တော့ ကျွန်မပရိတ်သတ်တချို့က အ​ကောင့် အတုကို အစစ်ထင်​နေကြတာပါ၊ အထင်အမြင်လွဲမှား​နေကြသူ​တွေရဲ့ comment ​တွေမှာ ကျွန်မကို​ရော ကျွန်မရဲ့ဇာတ်​ကောင် မအိမ်ကံကိုပါ ​လှောင်​ပြောင်သ​ရော်တာမျိုး​တွေလည်း ဖတ်ရပါတယ်”လို့ စာရေးဆရာမ ခင်ခင်ထူးက သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အသိပေးဖော်ပြထားပါတယ်။

အဆိုပါ အကောင့်တုဖြင့် ထင်ယောင်ထင်မှား လုပ်ဆောင်နေတဲ့အပေါ် အချို့ကလည်း Report လုပ်ပေမယ့် ပျက်သွားတာမျိုး မရှိသေးတဲ့အခြေအနေတွေလည်း ကြုံကြရတယ်လို့ ဆိုပါတယ်။ “facebook ကို report လုပ်ပေမယ့် သူတို့က fan လို့ ပါတာနဲ့ ဘာမှ ဆက်မကြည့်ပဲ ပယ်ချလိုက်တယ် ဆရာမ”လို့လည်း ကိုယ်တိုင်ကြုံသူတစ်ဦးက ဆိုပြန်တယ်။

လက်ရှိမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ငွေရပေါက်ရလမ်းအလို့ငှာ လောင်းကစားတွေဘက်ကို ထွက်ပေါက်ရှာ လုပ်ဆောင် သူတွေရှိလာပြီး လောင်းကစားလုပ်ရင်း ပိုမိုကျပ်တည်းခက်ခဲသူတွေလည်း များစွာရှိလာခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ လောင်းကစားလုပ်သူတွေများလာသလို အွန်လိုင်းမှလောင်းကစားဂိမ်းများဆော့ရင်း ငွေရပေါက်ရလမ်းရှာသူတွေလည်း ရှိလာပြီး အွန်လိုင်းဂိမ်းလောင်းကစား ဖန်တီးသူတွေဘက်ကလည်း ၎င်းတို့ဂိမ်းတွေကို ဆော့သူများလာအောင် ကျော်ကြားသူတွေရဲ့ အကောင့်တုတွေဖန်တီးပြီး ကြော်ငြာတာတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

“ရှမ်းကိုးမီးတို့၊ ငါးပစ်တဲ့ဂိမ်းတို့ဘာတို့တွေ အရင်တုန်းက ဆော့ဖူးတယ်၊ အစတုန်းကတော့ နိုင်တယ်၊ အနိုင်ရတဲ့ ပိုက်ဆံကို ကိုယ့် KPay ထဲကို သူတို့ကလွှဲပေးတယ်၊ နောက်ပိုင်းတော့ ရှုံးတာပဲ၊ နိုင်ထားတဲ့ပိုက်ဆံအပြင်ကိုယ့်ဆီကတောင် ပြန်ပါသွားတယ်၊ ဒီဂိမ်းတွေက အစပိုင်းမှာ အနိုင်ပေးပြီး လူတွေပါဝင်လာအောင် စွဲဆောင်တာမျိုး၊ နောက်ပိုင်း ဘယ်သူမဆိုရှုံးတာပဲ၊ အခုတော့မဆော့တော့ဘူးစိတ်ကုန်လို့”လို့လည်း ကိုယ်တိုင်ကစားဖူးသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ အွန်လိုင်းပေါ်မှ လောင်းကစားဂိမ်းမျိုးစုံရှိလာပြီး ဂိမ်းဖန်တီးသူတွေဘက်က လူတွေပိုမိုအသုံးပြုဆော့ကစား လာစေရန်အတွက် ရုပ်သံဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ အသံဇာတ်လမ်းများ ရိုက်ကူး၊ ဖန်တီး၍ ယင်းအစီအစဉ်များကြားတွင် လောင်းကစားဂိမ်းများကို ပေါ်ပေါ်တင်တင်ကြော်ငြာလာတဲ့အထိ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၇