【 ပြည်တွင်း 】တရုတ်-မြန်မာနယ်စပ်ဂိတ်ပေါက်ကနေ နှစ်နိုင်ငံခရီးသွားတွေဝင်ရောက်ခွင့်ပြုဖို့ ညှိနှိုင်းဆောင်ရွက်နေ

【 ပြည်တွင်း 】တရုတ်-မြန်မာနယ်စပ်ဂိတ်ပေါက်ကနေ နှစ်နိုင်ငံခရီးသွားတွေဝင်ရောက်ခွင့်ပြုဖို့ ညှိနှိုင်းဆောင်ရွက်နေ

တရုတ်-မြန်မာနယ်စပ်ဂိတ်ပေါက်ကနေ နှစ်နိုင်ငံခရီးသွားတွေဝင်ရောက်ခွင့်ပြုဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မူဆယ်မြို့ရှိ ဒေသခံတွေနဲ့ ကုန်သည်တွေထံက သိရပါတယ်။ လက်ရှိမှာ မူဆယ်-ကျယ်ခေါင် ရွှေနန်းတော်ဂိတ်ပေါက်ကနေ မူဆယ်မြို့နယ်မှာနေထိုင်တဲ့သူတွေကို စာအုပ်နီထုတ်ပေးကာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ပြုပေးနေပြီး အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ခရီးသွားတွေ ဝင်ထွက်ခွင့်ကိုတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေညှိနှိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ “ဆင်ဖြူဂိတ်ပေါက်မှာ ဒီနေ့မနက်ပိုင်းကစပြီး ဆိုင်ကယ်နဲ့ ကားသေးဝင်ထွက် ခွင့်ပြုနေပြီဖြစ်ပါတယ်။ ၆-ဘီးယာဉ်တွေကိုတော့ မန့်ဝိန်းပေါက်ကနေ ဝင်ထွက်နေပြီး နန်းတော်ဂိတ်ပေါက်ကနေ ခရီးသည်တွေ သီးသန့်ဝင်ရောက်နေပြီဖြစ်ပါတယ်။ဝင်ထွက်ခွင့်ပြုတာကတော့ မူဆယ်ခရိုင်အတွင်း အိမ်ထောင်စုရှိ သူတွေကိုသာ စာအုပ်အနီပြုလုပ်ပေးပြီး ဝင်ထွက်ခွင့်ပြုထားတာဖြစ်ပါတယ်။အခြားဒေသက သူတွေကို ဝင်ထွက်ရဖို့ နှစ်နိုင်ငံ အဆင့်ဆွေးနွေးလျက်ရှိတယ်လို့ သိရတယ်”လို့ မူဆယ်အခြေစိုက်ကုန်သည်တစ်ဦးကပြောပါတယ်။ တရုတ်နိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် စာအုပ်အနီကို ဇန်နဝါရီ ၂၅ရက်နေ့ကစတင်ကာ မူဆယ်မြို့ နန်းတော်ဂိတ်မှာပြုလုပ်ပေးနေတာဖြစ်ပြီး လာရောက်ပြုလုပ်သူတွေ ရာနဲ့ချီရှိတယ်လို့သိရပါတယ်။ မူဆယ်မြို့ကနေ တရုတ်နိုင်ငံထဲကိုဝင်ရောက်ဖို့အတွက် လူဝင်ထွက်ပေါက် သုံးပေါက်ရှိပေမဲ့ လတ်တလောမှာ နန်းတော်ပေါက်ကနေပဲ ဝင်ထွက်ဖို့ခွင့်ပြုထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

003

ရန်ကုန်၊ဇန်နဝါရီ ၂၈