【 ပြည်တွင်း 】နယ်စပ်စခန်းပေါင်း ၁၇ ခုမှ ကုန်သွယ်ပမာဏ ကာလတူထက် ကန်ဒေါ်လာသန်း ၈၆၀ ကျော် ပိုလာ

【 ပြည်တွင်း 】နယ်စပ်စခန်းပေါင်း ၁၇ ခုမှ ကုန်သွယ်ပမာဏ  ကာလတူထက် ကန်ဒေါ်လာသန်း ၈၆၀ ကျော် ပိုလာ

လက်ရှိဘဏ္ဍာနှစ် ၁၁လနီးပါးကာလအတွင်း တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်းပေါင်း ၁၇ ခုမှကုန်သွယ် ပမာဏဟာ ယခင်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၈၆၀ကျော် တိုးလာကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရပါတယ်။

ကုန်သွယ်မှု ကိန်းဂဏန်းအနေနဲ့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ ၂၀၂၂ ဧပြီ (၁) ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ၁၁လနီးပါး ကာလအတွင်း တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်း ၁၇ ခုမှ  ပို့ကုန်သွင်းကုန် ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ သန်း ၇၆၀၀ကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ(၁) ရက်မှ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ပို့ကုန်သွင်းကုန်ကုန်သွယ်မှုပေါင်း ကန်ဒေါ်လာ သန်း ၆၇၀၀ ကျော် သာရှိခဲ့လို့ ကာလနှစ်တူနှိုင်းယှဉ်ချက်အရ ကုန်သွယ်မှုပမာဏအနေနဲ့ဒေါ်လာ သန်း ၈၆၀  ပိုလာတာ တွေ့ရပါတယ်။

တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်းပေါင်း ၁၇ ခုမှ ကုန်သွယ်မှုပမာဏမှာတော့ ပို့ကုန်တန်ဖိုးအနေနဲ့ ၂၀၂၂ ဧပြီ (၁) ရက်မှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်အထိ ကန်ဒေါ်လာသန်း ၅၄၀၀ကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ(၁) ရက်မှ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၄  ရက်မှာတော့ ပို့ကုန်ကန်ဒေါ်လာသန်း ၄၅၈၀ ကျော်သာ ရှိခဲ့ပါတယ်။

အလားတူ သွင်းကုန်ပမာဏအနေနဲ့ ၂၀၂၂ ဧပြီ (၁) ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ (၁၀) ကန်ဒေါ် လာ သန်း ၂၂၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ(၁) ရက်မှ ၂၀၂၂ ဖေဖော်ဝါရီ ၂၄  ရက်တွင် သွင်းကုန် ကန်ဒေါ်လာ သန်း ၂၁၀၀ ကျော် သာရှိခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံအလိုက် နယ်စပ်စခန်းများမှတစ်ဆင့် ကုန်သွယ်မှုတွေမှာ မြန်မာ - တရုတ် ကုန်သွယ်ရေးအတွက် တရုတ်နယ်စပ်စခန်း (၅) ခုဖြစ်တဲ့ မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုင်တီ၊ကျိုင်းတုံ အစရှိသည့်စခန်းများမှ လည်းကောင်း၊ မြန်မာ - ထိုင်းကုန်သွယ်ရေးတွင် တာချီလိတ်၊မြဝတီ၊ကော့သောင်း၊မြိတ်၊ထီးခီး၊မော့တောင် ၊မယ်စဲ့ စသည့် စခန်း(၇)ခုမှလည်းကောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတွင် စစ်တွေ၊မောင်တော စသည့် ကုန်သွယ်စခန်းများမှလည်းကောင်း၊မြန်မာ - လာအို ကုန်သွယ်ရေးအတွက် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ လည်းကောင်း စသည် အားဖြင့်  ရှိနေခဲ့ပါတယ်။

၀၀၅

ရန်ကုန် ၊ မတ် ၂၀