【 ပြည်တွင်း 】နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ မြဝတီမှာ ယွမ်နဲ့ ဘတ်ငွေလဲနှုန်း သိသိသာသာမြင့်တက်လာ

【 ပြည်တွင်း 】နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ မြဝတီမှာ ယွမ်နဲ့ ဘတ်ငွေလဲနှုန်း သိသိသာသာမြင့်တက်လာ 

နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်မြို့နဲ့ မြဝတီမြို့မှာ ယွမ်နဲ့ ဘတ်ငွေလဲနှုန်းတွေ သိသိသာသာ ဆက်တိုက်မြင့်တက်နေတယ်လို့  ဒေသခံကုန်သည်တွေထံကသိရပါတယ်။
မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း တရုတ်ငွေ ယွမ် ၁၀၀ကို မြန်မာငွေ ၄၀,၀၀၀ ကျော်အထိငွေလဲနှုန်း မြှင့်တက်လာတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။
စစ်ကောင်စီခန့်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ငွေကြေးလဲနှုန်းအရ တရုတ်ယွမ် ၁၀၀ကို မြန်မာကျပ် ၃၁၁၀၀(သုံးသောင်းတစ်ထောင့်တစ်ရာ)သာသတ်မှတ်ထားပေမယ့် မူဆယ်မြို့နယ်အတွင်းမှာ တရုတ်ယွမ် ၁၀၀ကို မြန်မာကျပ်  ၄၁၀၀၀ (လေးသောင်းတစ်ထောင်ကျော်)အထိ ငွေလဲနှုန်းသိသိသာမြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့  ကရင်ပြည်နယ်၊မြဝတီမြို့မှာလည်း စစ်ကောင်စီခန့်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ငွေကြေးလဲနှုန်းအရ  ထိုင်းဘတ် ၁၀၀ကို မြန်မာကျပ် ၅၉၀၀(ငါးထောင့်ကိုးရာ )သာသတ်မှတ် ထားပေမယ့် မြဝတီနယ်စပ်မှာ  ထိုင်းဘတ် ၁၀၀ကို မြန်မာကျပ်  ၁၀၀၀၀(တစ်သောင်းကျပ်)ခန့် အထိ ငွေလဲနှုန်းသိသိသာမြင့်တက် နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗဟိုဘဏ်က  အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀သတ်မှတ်လိုက်ပြီးတဲ့နောက် နယ်စပ်ဒေသတွေမှာ ငွေကြေးလဲနှုန်းတွေက သိသိသာသာမြင့်တက်လာပြီး အပြင်ငွေလဲနှုန်းမှာအမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၀၀၀ကျပ်ခန့်လောက် မြှင့်တက်လာတာဖြစ်ပါတယ်။
ဒေါ်လာဈေးအပါအဝင် တရုတ်ယွမ်နဲ့ ထိုင်းဘတ် ငွေဈေးနှုန်းတွေ မြှင့်တက်လာတာကြောင့် ကုန်သည်တွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေပြီး ကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါးအခြေအနေတွေဖြစ်ပေါ်နေတယ်လို့ မြဝတီမြို့မှ ကုန်သည်တစ်ဦးကပြောပါတယ်။
“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒေါ်လာဈေးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ငွေဈေးတွေက တက်နေပြီး မြန်မာငွေဈေးက ဆက်တိုက်ကျဆင်းနေတယ်။ကုန်သွယ်ဖို့ သတ်မှတ်ထားတဲ့အတိုင်းဒေါ်လာဝယ်ရမယ်ဆို ဗဟိုဘဏ်ကသတ်မှတ်ထားတာ တစ်ဒေါ်လာ၂၁၀၀ကျပ် အပြင်ပေါက်ဈေးက ၃၀၀၀ကျပ်လောက် ဖြစ်နေတယ်။ အိမ်နီးချင်းငွေကြေးတွေကိုလဲပြီး ဒေါ်လာဝယ်မယ်ဆိုရင်လည်း ဘာမှမထူးဘူး။အဲ့တော့ ကုန်သည်တွေအတွက် တော်တော်အခက်အခဲဖြစ်နေတယ်။တွက်ခြေမကိုက်တဲ့အတွက် အခုဆိုကုန်သွယ်မှုက တော်တော်နည်းသွားတယ်။အခုကရပ်တန့်လုနီးပါဖြစ်နေတယ်။ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကုန်သွယ်မှု ရပ်တန့်သွားနိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ် ”လို့ မြဝတီမြို့မှ ကုန်သည်တစ်ဦးကပြောပါတယ်။
နယ်စပ်ဒေသတွေမှာ ဈေးကစားပြီးငွေကြေးလဲသူတွေကို ဖမ်းဆီးအရေးယူမှုတချို့ပြုလုပ်နေပေမယ့်လည်း  သက်ဆိုင်ရာ ထိထိရောက်ရောက်ကိုင်တွယ်နိုင်ခြင်းမရှိဘူးလို့ ကုန်သည်တွေက ပြောထားပါတယ်။
 
ရန်ကုန်၊ဩဂုတ် ၁၅