【 ပြည်တွင်း 】ပြည်ပပို့ကုန်ဝယ်လက်များ အဝယ်ဆွဲ၍ လက်ပံပွင့်ခြောက်များ စျေးနှစ်ဆမြင့်တက်နေ

【 ပြည်တွင်း 】ပြည်ပပို့ကုန်ဝယ်လက်များ အဝယ်ဆွဲ၍ လက်ပံပွင့်ခြောက်များ စျေးနှစ်ဆမြင့်တက်နေ

ပြည်ပပို့ကုန်ဝယ်လက်တွေရဲ့ အဝယ်ဆွဲမှုများလာတာကြောင့် လက်ပံပွင့်ခြောက်တွေဟာ ယခင်ကထက် စျေးနှစ်ဆလောက် မြင့်တက်လာတယ်လို့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံက လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်ဘက်က ထွက်တဲ့ လက်ပံပွင့်ခြောက်တွေဟာ စျေးကွက်ထဲကို အများအပြားဝင်နေပြီး ပို့ကုန် ဝယ်လက်တွေက ရသလောက်အကုန်ဝယ်ယူတာတွေကြုံလာတာကြောင့် ယခုလိုစျေးနှစ်ဆ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ “လက်ပံပွင့်ခြောက်မှာက အနီမျိုးနဲ့ အဝါမျိုးဆိုပြီးရှိတယ်၊ အကုန်လုံးတော့ ရသလောက် လိုက်ဝယ်နေကြတာ၊ အဝါမျိုးကို ပိုပြီးကြိုက်ကြတယ်”လို့လည်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

အဆိုပါ လက်ပံပွင့်ခြောက်ဟာ ဆေးဖက်ဝင်တာကြောင့်လည်း ဆေးမြီးတိုအဖြစ်အသုံးပြုသူတွေရှိသလို ပြည်ပနိုင်ငံမှာ ဆေးဝါးဖော်စပ်တဲ့အခါ အသုံးပြုဖို့ ဝယ်ယူကြတာကြောင့် ယခုလိုသိသာစွာအဝယ်ဆွဲခဲ့တာဖြစ် တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ယခုလိုအချိန်မှာ အဝယ်ဆွဲပေမယ့် အထိုက်အလျောက်သာ ရောင်းချခဲ့ရပြီး ယခုနှစ်ထဲမှာတော့ ရသလောက် အကုန်ဝယ်တာမျိုးအထိဖြစ်လာကြောင်း၊ ပြည်ပပို့ကုန်ဝယ်လက်တွေက စျေးကွက်ထဲမှာ ရသလောက်ဝယ်၍ တရုတ်နိုင်ငံကို အဓိကထားတင်ပို့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့်လည်း လက်ပံပွင့်ခြောက်တွေရဲ့ စျေးနှုန်းဟာ အရင်က တစ်ပိဿာကို ၄၀၀၀-၄၅၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၈၀၀၀ ကျော်ဖြစ်လာကာ အရင်ကထက် စျေးနှစ်ဆမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

001

ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၃