【 ပြည်တွင်း 】ပြည်ပပို့ကုန် ဝယ်လက်များ အဝယ်လိုက်မှုကြောင့် မျှော့ခြောက်စျေးမြင့်နေ

【 ပြည်တွင်း 】ပြည်ပပို့ကုန် ဝယ်လက်များ အဝယ်လိုက်မှုကြောင့် မျှော့ခြောက်စျေးမြင့်နေ

ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်ဝယ်လက်တွေရဲ့ အဝယ်လိုက်တာကြောင့် မျှော့ခြောက်တွေဟာ စျေးမြင့်မားနေတယ်လို့ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံရှိလုပ်ငန်းရှင်များထံမှ သိရပါတယ်။

အဆိုပါ မျှော့ခြောက်တွေကို ဝယ်ယူသူတွေရှိတာကြောင့် အရင်က တစ်ပိုင်တစ်နိုင်သာ လုပ်ဆောင်ရာမှ ယခုအခါ အများအပြား လုပ်ဆောင်လာကြပြီး စျေးကွက်တစ်ရပ်ဖြစ်လာတဲ့အပြင် စမ်းသပ်မွေးမြူသူတွေပါရှိလာတယ်လို့ သိရပါတယ်။

“လယ်ထဲက ရတဲ့ မျှော့တွေကို နေလှန်းထားရင်း နည်းနည်းပါးပါးရောင်းလာရာကနေ အခုက နိုင်ငံခြားရောင်းမယ့်သူတွေ ဝယ်လာတော့ စျေးကွက်က ပိုကောင်းလာတယ်”လို့လည်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြပါ တယ်။

ထိုမျှော့ခြောက်တွေကို ဝယ်ယူကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အိမ်နီးချင်းတရုတ်ဘက်ကို တင်ပို့တာ တွေရှိနေပြီး ယခုကာလဟာ ယင်းနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ကာလလည်း ဖြစ်တာကြောင့် ဝယ်လိုအားများနေတာမျိုးကြုံရတာလို့ ဆိုပါတယ်။

“ဒဂုံအရှေ့ဘက်မှာတော့ ကျွဲမျှော့အကြီးကြီးတွေ လက်နှစ်လုံးလောက်အရွယ်တွေပေါ့၊ အဲ့ဒါတွေကို မျိုးယူပြီး စမ်းသပ်မွေးတာ ရှိတယ်၊ စျေးကောင်းတော့ ရှာကြံပြီး လုပ်ကိုင်ကြတာပေါ့၊ အခုက စမ်းသပ်မွေးတာတော့ အောင်မြင်သလားမအောင်မြင်လား မသိဘူး၊ သာမန်အားဖြင့်ကတော့ လယ်ထဲကနေ ဖမ်းရင်းနဲ့ အခြောက်လှန်းပြီးရောင်းကြတာ”လို့လည်း ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထန်းတပင်၊ လေးထောင့်ကန်ဘက်တွေနဲ့ ဒဂုံအရှေ့ဘက်တွေမှာ စမ်းသပ်မွေးမြူတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မျှော့ခြောက်တွေရဲ့ စျေးဟာ မူလက တစ်ပိဿာကို ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ကြားသာဖြစ်ပေမယ့် ပြည်ပဝယ်လက်တွေရဲ့ စတင်ဝင်ယူချိန်မှ စတင်ကာ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြစ်နေပြီး လက်ရှိမှာ ၁၇၀၀၀ ကျပ်ကျော်အထိ စျေးမြင့်လာတယ်လို့လည်း သိရပါတယ်။

001

ရန်ကုန်၊ ဇန်နဝါရီ ၂၂