【 ပြည်တွင်း 】မူဆယ်နယ်စပ်မှ တရုတ်သို့ကုန်သွယ်မှု လေးနှစ်အတွင်း ဒေါ်လာသန်းထောင်ချီ ကျဆင်း

【 ပြည်တွင်း 】မူဆယ်နယ်စပ်မှ တရုတ်သို့ကုန်သွယ်မှု လေးနှစ်အတွင်း ဒေါ်လာသန်းထောင်ချီ ကျဆင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက တစ်ဆင့် တရုတ်နိုင်ငံကို ကုန်သွယ်နေတဲ့ အခြေအနေက လေးနှစ်အတွင်း သန်းထောင်ချီကျဆင်းခဲ့ပြီး  မူလအခြေအနေကောင်းကို ပြန်ရောက်နိုင်ဖို့ စိန်ခေါ်မှုတွေများတယ်လို့ မူဆယ်အခြေစိုက် ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ မူဆယ်နယ်စပ်ကတစ်ဆင့် ကုန်သွယ်မှုအခြေအနေက ပြီးခဲ့တဲ့ ၂ဝ၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်  ကန်ဒေါ်လာ သန်းပေါင်း ၄၀၀၀ ကျော် ကျဆင်းသွားခဲ့တဲ့ အခြေ အနေပါ။

“ အခုက ပြန်ပြီးပြောင်းလဲမှုတွေရှိနေပြီဆိုပေမယ့် အရွေ့က နှေးနေသေးတယ်။ ပို့ကုန်ရှားတာမျိုးလည်း ကြုံရတာ ရှိတယ်။ ဝယ်လိုအားမြင့်ရင် ကုန်တွေ မပို့နိုင်တာမျိုးတွေရှိတယ်။ အဝင်နည်းတယ်ပေါ့။ ကျပ်ငွေ တန်ဖိုးကလည်း သိတဲ့အတိုင်းဆိုတော့ သယ်ယူစရိတ်ကြီးတာမျိုး၊ နောက် စာအုပ်အနီရှိတဲ့ အေးဂျင့်တွေပဲမောင်းဝင်ရတော့ ဒီ အပိုင်းမှာလည်း အခက်အခဲ ရှိတယ်။ ကုန်သွယ်မှုမှာ သယ်ယူပို့ဆောင်ရေးက အရေးကြီးသလို ဘယ်ဒေသ ယာဉ် မောင်းတွေမဆို အမြန်ဆုံး ကားမကွာ၊ ယာဉ်မကွာမောင်းဝင်နိုင်ဖို့မျှော်လင့်ပါတယ်။ အရင်လို ပြန်ဖြစ်ဖို့က စိန်ခေါ် မှုတွေအရမ်းများနေတယ်။ ”လို့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတစ်ဆင့် မြန်မာ- တရုတ်ကုန်သွယ်မှုအခြေအနေက ပြီးခဲ့တဲ့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း ၃၀၄၉ ဒသမ ၈၈၆ သန်း၊ သွင်းကုန် ဒေါ်လာသန်းပေါင်း  ၁၈၄၀ ဒသမ ၆၉၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း ၄၈၉၀ ဒသမ  ၅၈၁ သန်းရှိခဲ့တယ်လို့ စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းမှာဖော်ပြထားပါတယ်။

၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် ဒေါ်လာသန်းပေါင်း ၂၉၁၉ ဒသမ ၃၄၉ သန်း၊ သွင်းကုန်ဒေါ်လာ ၁၁၅၅ ဒသမ ၇၁၈၊ စုစုပေါင်းကုန်သွယ်မှု ဒေါ်လာသန်းပေါင်း ၄၀၇၅ ဒသမ ၀၆၇ သန်း၊  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ပို့ကုန် ဒေါ်လာ ၇၀၄ ဒသမ ၈၀၁ သန်း၊ သွင်းကုန်ဒေါ်လာ၂၆ ဒသမ ၅၆၅၊ စုစုပေါင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၇၃၁ ဒသမ ၃၆၆ သန်းရှိခဲ့ပါတယ်။

 ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) ပို့ကုန် ကန်ဒေါ်လာ ၁၈၄ ဒသမ ၄၃၇ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၂၅ ဒသမ ၂၈၀၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၀၉ ဒသမ ၇၁၇ သန်း ရှိတယ်လို့ စီးပွာရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

၀၀၄

ဓာတ်ပုံ- Khwar Nyo

မူဆယ်၊ မတ် ၂၁