【 ပြည်တွင်း 】မြန်မာနိုင်ငံထဲ စတင်ဝင်ရောက်လာပြီဖြစ်တဲ့ ဆောင်းခိုငှက်တွေ သတ်ဖြတ်ရောင်းချခံနေရ

【 ပြည်တွင်း 】မြန်မာနိုင်ငံထဲ စတင်ဝင်ရောက်လာပြီဖြစ်တဲ့ ဆောင်းခိုငှက်တွေ သတ်ဖြတ်ရောင်းချခံနေရ

ထိန်းသိမ်းစောင့်ကြည့်အရေးယူမှုတွေ မရှိသလောက်နည်းနေတဲ့အပြင် စီးပွားရေး ကျပ်တည်းမှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ဆောင်းခိုရန် စတင်ဝင်ရောက်လာပြီဖြစ်တဲ့ ရွှေ့ပြောင်းဆောင်းခိုငှက်တွေ ဖမ်းဆီးသတ်ဖြတ် ရောင်းချခံနေရတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းအဖွဲ့တွေ ကနေ သိရပါတယ်။

“အခုလက်ရှိတွေ့နေရတဲ့ အခြေအနေက အရင်နှစ်တွေကထက် ပိုဆိုးတယ်။ ရခိုင်ပြည်နယ်လို၊ မွန်ပြည်နယ်လို၊ ကချင်၊ ပဲခူး၊ မန္တလေး၊ မုံရွာ အဲ့ဒီဘက်တွေမှာ ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ရောင်းချနေကြပြီ။ စျေး ကွက်တစ်ခုလိုဖြစ်နေပြီ။ အရင်နှစ်တွေကတော့ ဒေသဆိုင်ရာတွေက စစ်ဆေးကြပ်မတ်တော့ ငှက်တွေ သတ်ဖြတ် ခံရတာနည်းတာပေါ့။ အခုက သိတဲ့အတိုင်းပဲ။ ဆောင်းခိုငှက်ကြည့်ချင်တဲ့သူတွေတောင် သွားလာဖို့ အခက်ကြုံနေ တော့ လူသူလည်းနည်း၊ စောင့်ကြည့်တဲ့သူလည်းမရှိ၊ အဖမ်းအဆီးလည်းမရှိဆိုတော့ မတွေးဝံ့စရာပဲ၊ စီးပွားရေး ကျပ်တည်းနေတော့ ဒေသခံ ငှက်တွေသာမကဘူး။ အခု အုပ်ဖွဲ့ပျံသန်းဝင်လာတဲ့ ဆောင်းခိုငှက် တွေကို ပါ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး ရောင်းချနေကြပြီ။ အခုက ငှက်ရယ်လို့မဟုတ်ဘူး၊ ဘယ်သားကောင်ရရ သတ်ရောင်းနေကြတာပဲ။”လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေသငှက်တွေအပါအဝင် ဆောင်းခိုငှက်တွေက ဒေသအလိုက် စျေးကောင်းရတဲ့ စျေးကွက်တစ်ခုရှိနေပြီး စျေးတွေမှာအကောင်လိုက်ရော၊ မီးကင်ပြီးပါ ရောင်းချနေတာမျိုးတွေရှိသလို တချို့ဆိုရင် အွန်လိုင်းစျေးကွက် ကနေတဆင့် ရောင်းချ တာမျိုး၊ စားသောက်ဆိုင်တွေမှာတင်ပြီး ရောင်းချတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။

“ စျေးတွေမှာ မီးကင်ပြီးချရောင်းတာတွေ တွေ့တယ်။ တစ်ကောင် နှစ်ထောင်၊ သုံးထောင်၊ ထောင့်ငါးရာ အစား စာ ပေါ့။ ရောင်းကုန်ကြတယ်ပြောတယ်။ ဟိုနေ့ကဆို အိမ်နောက်ဘက်မှာ မြေဩဇာထည့်တဲ့ တစ်အိတ်စီလောက် ကို ပိုက်နဲ့ဖမ်းပြီး ထမ်းသွားတာတွေ့တယ်။ သူတို့က အဲ့ဒီအလုပ်နဲ့ ထမင်းစားနေကြတာဆိုတော့ ပြောလို့လည်း မရဘူးလေ။ ပညာပေးတာတွေဘာတွေလုပ်မှပဲရမယ်။ လက်ရှိက ကျပ်တည်းနေကြတာဆိုတော့လည်း ဂေဟ စနစ်တွေ၊ ဘာတွေ မစဉ်းစားအားတော့ဘူးလေ။ ဝမ်းရေးဖြေရှင်းဖို့ လုပ်နေကြတာပဲ။”လို့ ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့ နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းကို ကမ္ဘာ့မျိုးတုံးမှုအန္တရာယ် အမြင့်ဆုံးအဆင့်သတ်မှတ်ထားတဲ့  ရေညှောင့်နှုတ်ဝိုင်းငှက်၊ ဘဲခေါင်းစိမ်းငှက်အပါအဝင် ကြိုးကြာခေါင်းမဲငှက်၊ ဘဲဖြူနက်၊ စစ္စလီငှက်၊ ရေကြက်ဒုံ၊ စင်ရော်ခေါင်းညို၊ ခေါင်းမဲ၊ ဘဲနီစပ်၊ တောငန်း စတဲ့ ဆောင်းခိုငှက်တွေ အကောင်ရေ သိန်းနဲ့ချီ နှစ်စဉ်ဝင်ရောက် ကျက်စားနေကြ တာဖြစ် တယ်လို့ သိရပါတယ်။ ဆောင်းခိုငှက်တွေ မြန်မာနိုင်ငံအတွင်းကို အောက်တိုဘာလမှစပြီး ဝင်ရောက် လာနေကြ တာဖြစ်ပေမယ့် လက်ရှိ နိုဝင်ဘာလအထိ မိုးရွာသွန်းမှုတွေရှိနေတဲ့အတွက် အရင်နှစ်တွေကထက် အဝင်နည်းနေ သေးတယ်လို့ ဆောင်းခိုငှက်လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

လီလီ

ဓာတ်ပုံ- ဒေသခံ

ရန်ကုန်၊ နိုဝင်ဘာ ၂၇