【 ပြည်တွင်း 】ရန်ကုန်တွင် မြို့ပြလူနေထိုင်မှုပုံစံများပြောင်းလဲလာ

【 ပြည်တွင်း 】ရန်ကုန်တွင် မြို့ပြလူနေထိုင်မှုပုံစံများပြောင်းလဲလာ

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ယခုနောက်ပိုင်းကာလတွေထဲ လူနေထိုင်မှုပုံစံများ သိသာစွာပြောင်းလဲလာကြောင်း မြို့ခံတွေထံက သိရပါတယ်။

“အရင်လို တနေကုန်လည်း Passenger ရှာမရတော့ဘူး၊ ရုံးတက်၊ ရုံးဆင်းချိန်တွေလောက်ပဲရတာ၊ ညနေဆိုလည်း ၆နာရီခွဲလောက်ဆိုရင် မြို့ထဲမှာကို လူကမရှိတော့ဘူး”လို့လည်း တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

ပုံမှန်အားဖြင့် ဆိုင်ဖွင့်နေရတဲ့ အစားအစာအရောင်းဆိုင်တွေနဲ့ စားဖွယ်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာလည်း အရင်ကလို လာစားသူသိပ်မရှိတော့ဘဲ သိသာစွာရောင်းအားကျလာခဲ့ပြီး အရင်လိုညဦးပိုင်းလောက်အထိ ဖွင့်တာမျိုးမလုပ်တော့ဘဲ စောစီးစွာပိတ်သိမ်းလာကြရတယ်လို့ သိရပါတယ်။

“အစ်မတို့လက်ဖက်ရည်ဆိုင်က အရင်ကဆိုရင် ၈နာရီ၊ ၉ နာရီလောက်အထိဖွင့်ခဲ့ပါတယ်၊ အခုက ၆နာရီခွဲလောက်ဆိုရင် လူမရှိတော့ ဆိုင်လည်းစောစောပိတ်လိုက်တယ်လေ၊ ရောင်းအားပိုင်းမှာလည်းကျလာတယ်၊ အရင်လိုလာထိုင်စားတာ မျိုးတွေလည်း သိပ်မရှိတော့ဘူး၊ ဥပမာအရင်က လူ ၁၀ ယောက်လာရင် အခုက ထက်ဝက်တောင် မလာကြတော့ဘူး”လို့လည်း ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ထိုသို့ဖြစ်လာတာဟာ အခြေခံစားသောက်ကုန်များအပါအဝင် ကုန်စျေးနှုန်းများမြင့်မားလာပြီး စီးပွားရေးကျပ်တည်းလာမှုတို့ကြောင့်အပြင် နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ဖြစ်သလို လုယက်မှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလာတာ တွေ့ကြောင့်လည်းဖြစ်တယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လယ်ဧရိယာအတွင်း ယမကာဆိုင်တစ်ဆိုင်ရဲ့မန်နေဂျာဖြစ်သူက “ကျွန်တော်တို့ဆိုင်က ည ၈နာရီဆိုရင် ပိတ်ပါတယ်၊ တချို့သောက်တဲ့သူတွေရှိသေးလည်း ဆိုင်ပိတ်ဖို့စောင့်ပေးတာပေါ့၊ အလွန်ဆုံးက ၈နာရီကျော်လောက်အထိပဲ၊ ကိုဗစ်မတိုင်ခင်နှစ်တွေက တော်တော်လေးရောင်းအားကောင်းတယ်၊ အခုဒီနောက်ပိုင်းရောင်းအားကျလာတဲ့အပြင် ညမိုးချုပ်တာနဲ့ လမ်းပေါ်မှာသိပ်ပြီးမရှိတော့ဘူး၊ မသွားမဖြစ်သွားလာကြတဲ့ အနေအထားကြောင့် သွားလာတာတွေလောက်ပဲရှိတာ တွေ့ရပါတယ်၊ ကျွန်တော်တို့ ဘီယာဆိုင်တွေမှာဆိုလည်း အရင်က လဆန်းရက်တွေဆိုရင် ဝိုင်းတွေပြည့်တဲ့အပြင် ဝိုင်းမလောက်တာတောင် ဖြစ်ခဲ့ဖူးတယ်၊ အခုက လခထုတ်ပြီးလဆန်းရက်လိုမှာတောင် ဆိုင်မှာရှိတဲ့ဝိုင်းတွေရဲ့ သုံးပုံ တစ်ပုံစာတောင် လူမရှိတော့ဘူး”လို့လည်း ရှင်းပြပါတယ်။

မြို့လယ်က အစားအစာရောင်းချတဲ့ဆိုင်အများစုဟာလည်း ကုမ္ပဏီ၊ ရုံးဌာနတွေကို မှီကာဖွင့်လာကြသလို ကုမ္ပဏီ၊ ရုံးဌာနတွေပိတ်တဲ့ အခါမျိုးမှာ လိုက်ပိတ်ကြရပြီး ရုန်းကန်လည်ပတ်နေရတဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ ဆိုင်ပိုင်ရှင် တွေရဲ့ပြောပြချက်အရ သိရပါတယ်။

(ဓာတ်ပုံ- ရန်ကုန်မြို့လယ်ဧရိယာဖြစ်တဲ့ လသာမြို့နယ်ထဲက ရန်ကုန်ညစျေးတန်းကိုမြင်ရစဉ်)

ရန်ကုန်၊ ဩဂုတ် ၁၈