【 ပြည်တွင်း 】ရန်ကုန်အပါဝင် မြို့နယ်အချို့မှာ လူငယ်တွေပျောက်ဆုံးမှု များလာ

【 ပြည်တွင်း 】ရန်ကုန်အပါဝင် မြို့နယ်အချို့မှာ လူငယ်တွေပျောက်ဆုံးမှု များလာ 

ယခုနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ လူငယ်တွေ ပျောက်ဆုံးမှုများလာကြောင်း ပျောက်ဆုံးသူတွေ ရဲ့ မိသားစုအသိုင်းအဝိုင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပျောက်ဆုံးနေတဲ့လူငယ်တွေနှင့်ပတ်သက်ပြီး အသိပေးအကြောင်းကြားမှုများကို နေရပ်လိပ်စာ၊ ဖုန်းနံပတ်အပါ အဝင် ဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်တွင် ထုတ်ပြန်ရေးသားခြင်းများကိုလည်း နေ့စဉ်လိုလိုတွေ့နေရတယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက ပြောပါတယ်။

အဆိုပါ ပျောက်ဆုံးနေသည့် လူငယ်များမှာ အသက် ၁၇နှစ်မှ ၂၀ကြားရှိသူတွေ အများဆုံးတွေ့ရပြီး စျေးဝယ်သွား ရင်း၊ အလုပ်သွားရင်း ပျောက်ဆုံးသွားတာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ဆိုရင် လမ်းထိပ်ကို မုန့်သွားဝယ်မယ်ဆိုပြီး ထွက်သွားတာ အခုဆိုရင် တစ်ပတ်လောက်ရှိပြီ ပြန်ရောက်မလာဘူး။ သူ့ရဲ့ ဖုန်းကိုဆက်တော့လည်း ဖုန်းပိတ်ထားတယ် ပြောတယ်။ မိဘတွေက စိုးရိမ်လို့ သွားတတ်တဲ့နေရာတွေ လိုက်ရှာတာလည်း မတွေ့ရဘူး။

ခေတ်ကာလက မကောင်းတဲ့အချိန်ဆိုတော့ ပိုစိုးရိမ်ရတာပေါ့”လို့ လှိုင်သာယာမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးသူများကို ပြန်လည်တွေ့ရှိမှုဖြစ်စဉ်တချို့တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိမှုများရှိသလို တချို့မှာလည်း လူမှုကွန်ရက်မှတစ်ဆင့်မိဘဖြစ်သူများထံ ပြန်လည်အကြောင်းကြားမှုကြောင့် ပြန်လည်တွေ့ရှိရခြင်းများ ရှိတယ်လို့လည်း သိရပါတယ်။

ထိုကဲ့သို့ လူငယ်များပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် အမျိုးမျိုးပြောဆိုဝေဖန်မှုများရှိနေတာလည်း တွေ့ရပါတယ်။

ရန်ကုန်၊ စက်တင်ဘာလ ၃၀