【 ပြည်တွင်း 】ရွှေစျေးနှုန်းများမြင့်မားသော်လည်း ရောင်းစျေးနဲ့ဝယ်စျေး ကျပ် ၈၀၀၀၀ ကျော်လောက် စျေးခွာပေးနေ

【 ပြည်တွင်း 】ရွှေစျေးနှုန်းများမြင့်မားသော်လည်း ရောင်းစျေးနဲ့ဝယ်စျေး ကျပ် ၈၀၀၀၀ ကျော်လောက် စျေးခွာပေးနေ

 

ပြည်တွင်းရွှေစျေးကွက်ထဲမှာ ရွှေစျေးနှုန်းတွေမြင့်မားနေပေမယ့် ဆိုင်တွေကရောင်းစျေးနဲ့ ဝယ်စျေးကို ကျပ် ၈၀၀၀၀ ကျော်လောက် စျေးခွာကာ လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ရှိ ရွှေစျေးကွက်အတွင်းမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပင် ရွှေစျေးနှုန်းတွေဟာ တစ်ကျပ်သားကို နေ့စဉ်ပျမ်းမျှ ကျပ်တစ်သိန်းဝန်းကျင်လောက် စျေးမြင့်တက်ခဲ့ပြီး ဩဂုတ် ၁၃ ရက်မှာ ယခင်ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးနှုန်းကိုကျော်လွန်ကာ စံချိန်ချိုး၍ စျေးအမြင့်ဆုံး အနေထားအထိ ရောက်သွားခဲ့သလို ပိတ်ရက်ပြီးတဲ့နောက် စျေးကွက်ပြန်ဖွင့်တဲ့ ဩဂုတ် ၁၅ ရက်မှာ ကျပ် ၂၇ သိန်းအထက်မှာ ပေါက်စျေးသတ်မှတ် ရောင်းဝယ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စျေးနှုန်းတွေကို လူမှုကွန်ရက်ပေါ်ကနေ နေ့စဉ်ထုတ်ပြန်တတ်တဲ့ ရွှေဆိုင်တွေက ယခုနောက်ပိုင်း ထုတ်ပြန် အသိပေးတာမျိုးမရှိတော့တဲ့အပြင် စျေးနှုန်းကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းတဲ့အခါမှာ တိကျတဲ့စျေးအခြေအနေကို ပြောနိုင်တာမျိုးမရှိတော့ဘဲ လူကိုယ်တိုင်ဆိုင်သို့လာရောက်ရန် ဖိတ်ခေါ်တာမျိုးလုပ်ဆောင်လေ့ရှိလာခဲ့ပါတယ်။

“စျေးတက်တယ်ဆိုပြီး ရောင်းမလို့သွားစုံစမ်းကြည့်တာ၊ သူတို့ရောင်းပေးတဲ့စျေးက မြင့်နေပြီး ကိုယ်ကပြန်ရောင်းလို့ သူတို့ ပြန်ဝယ်တဲ့စျေးက စျေးခွာထားတယ်၊ အနည်းဆုံးကျပ် ၈၀၀၀၀ ကျော်လောက်ကို ခွာထားတယ်၊ ကိုယ်ကပြန်ရောင်းရင် ပေါက်စျေးဆိုတာထက်ကို စျေးခွာထားတဲ့အပြင်ကို အလျော့တွက်လက်ခတွေပါ အများကြီးယူထားတော့ အခုလိုအခြေ အနေက ဆိုင်တွေအတွက်သာ အကျိုးအမြတ်များနိုင်သလိုဖြစ်နေတယ်”လို့လည်း ရွှေသွားရောင်းဖို့လုပ်ဆောင်ခဲ့တဲ့သူ တစ်ဦးက ၎င်းကြုံတွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။

လက်ရှိမှာ ယခုလိုရွှေစျေးမြင့်နေပေမယ့် ပြန်ရောင်းသူတွေထက် ရွှေဝယ်သူတွေများပြားနေပြီး လက်ဝတ်ရတနာအထည်တွေထက် ရွှေအတုံးမှ ဖြတ်စတွေကိုသာ အဓိကထား ဝယ်ယူကြတာဖြစ်သလို ဝယ်ယူလိုသူများတာကြောင့် ဝယ်ဖို့ Booking လုပ်ထားရတဲ့ အခြေအနေမျိုးကိုလည်း ဆိုင်တချို့မှာ ကြုံရတယ်လို့ ကိုယ်တိုင်ကြုံသူတွေက ဆိုကြပါတယ်။

ရွှေစျေးအမြင့်ပိုင်းဖြစ်နေချိန်မှာ ယခင်ကဝယ်သူမရှိတဲ့အခြေအနေမျိုးဖြစ်ပေမယ့် ယခုအခါ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေ အပါအဝင် နိုင်ငံခြားငွေကြေးဆိုင်ရာမူဝါဒအပြောင်းအလဲတွေကြောင့်လည်း လက်ထဲမှာငွေကြေးကိုင်ဆောင်ထားဖို့ထက် ပိုမိုအာမခံချက်ရှိနိုင်တဲ့ ရွှေကိုပြောင်းလဲကိုင်ဆောင်တာတွေကြောင့် ဝယ်သူပိုတဲ့အခြေအနေမျိုးကိုရောက်စေတာ ဖြစ်တယ်လို့လည်း စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ဩဂုတ် ၁၁ မွန်းလွဲ ၁ နာရီကျော်လောက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၅၁၀,၀၀၀ ဝန်းကျင် ဖြစ်ခဲ့ရာမှ ဩဂုတ် ၁၂ ရက်တွင် ကျပ် ၂,၆၀၀,၀၀၀ ဆက်လက်မြင့်တက်လာကာ ဩဂုတ် ၁၃ ရက်မှာ ကျပ် ၂,၈၀၀,၀၀၀ ကျပ်အထက်ဖြစ်လာကာ ပျမ်းမျှတစ်ရက်လျှင် ကျပ် တစ်သိန်းကျော်လောက်အထိမြင့်တက်လာခဲ့ပြီး ဩဂုတ် ၁၅ ရက်မှာ ပြင်ပစျေးကွက်ထဲ ကျပ် ၂,၇၀၀,၀၀၀ အထက်ဖြင့် ရောင်းဝယ်နေကြသလို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းစျေးက ကျပ် ၂,၀၉၁,၀၀၀ သာရှိတယ်လို့ ထုတ်ပြန်တာကြောင့်လည်း ရွှေလောကအတွင်း လှောင်ပြောင်စရာ အခြေအနေမျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၇