【 ပြည်တွင်း 】ရွှေလီအထည်ချုပ်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်ယူတာတွေရှိနေ

【 ပြည်တွင်း 】ရွှေလီအထည်ချုပ်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်ယူတာတွေရှိနေ

တရုတ်နိုင်ငံ ရွှေလီမြို့ကအထည်ချုပ်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး၊ လိမ်ညာခေါ်ယူမှုတွေရှိနေလို့၊ အလိမ်အညာမခံကြဖို့ မူဆယ်မြို့ရောက်ကုန်သည်အသိုက်အ၀န်းက သတိပေးပြောဆိုနေကြပါတယ်။

"ဟိုဘက်(ရွှေလီ)ကအလုပ်ရှင်ကလာခေါ်ရင်၊ ၀င်လို့ရတယ်ဆိုပြီး သတင်းအရင်ဖြန့်တယ်၊ အဲဒီမှာ လူပွဲစားက လုပ်စားတော့တာပဲ၊ အခုက ဘယ်သူခေါ်ခေါ်၊ စာအုပ်ရှိမှ၀င်လို့ရတာဆိုတော့၊ စာအုပ်ကလည်း မူဆယ်နမ့်ခမ်း ကလွဲလို့လုပ်ပေးသေးတာမဟုတ်တော့၊ အလိမ်အညာမခံကြဖို့သတိပေးချင်ပါတယ်" လို့ မူဆယ်မြို့မှာရောက်ရှိနေတဲ့ မန္တလေးမြို့ကကုန်သည်တစ်ဦးက ပြောပါတယ်။

ရွှေလီမြို့ထဲမှာရှိနေတဲ့ သက်တမ်းကုန်ဆုံးသွားတဲ့မြန်မာနိုင်ငံသားတွေကိုတောင်၊ နေထိုင်ခွင့်သက်တမ်းတိုးဖို့၊ တရုတ်အာဏာပိုင်တွေဘက်က အသိပေးနှိုးဆော်ထားချိန်မှာ၊ နောက်ထပ်လူ၀င်ခွင့်ရဖို့ တစ်လနှစ်လအတွင်း မျှော်လင့်လို့မရသေးဘူးလို့လည်း သိရပါတယ်။

"အဲဒီဘက်(ရွှေလီ)ကလူတောင်၊ ဒီဘက်လာပြီးပြန်၀င်မရလို့၊ မူဆယ်မှာတစ်နေတာတွေတစ်ပြုံကြီးပဲ၊ သတင်းတွေကို မပြတ်နားစွင့်ပါ၊ အလိမ်အညာမခံကြပါနဲ့၊ ရွှေလီထဲကို ၀င်ချင်တိုင်း၀င်ထွက်ချင်တိုင်းထွက်လို့မရသေးပါဘူး၊ မူဆယ်နမ့်ခမ်းဘက်ကလူတောင် သိပ်မလွယ်သေးဘူး" လို့ မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့စပြီးယာယီပိတ်ထားခဲ့တဲ့၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီဂိတ်တွေကို၊ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က၊ စည်းကမ်းသတ်မှတ်ချက်ခုနစ်ချက်နဲ့ ကုန်သွယ်မှုယာဉ်တွေကို ပြန်ဖွင့်ပေးခဲ့ ပါတယ်။

အဲဒါကိုအခွင့်ကောင်းယူပြီး၊ မြန်မာပွဲစားတွေက တရုတ်နိုင်ငံထဲအလုပ်ရမယ်လို့ဆိုကာ၊ လူတစ်ယောက်ကိုငွေကျပ် ဆယ်သိန်းနဲ့အထက်၀န်ဆောင်ခယူပြီးခေါ်လာလို့၊ လူအယောက်သုံးဆယ်၀န်းကျင် မူဆယ်မြို့မှာ ဒုက္ခရောက်ခဲ့ကြတဲ့ဖြစ်စဉ်တစ်ခု၊ ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။

ကျော်ကျော်

Photo NNA

မန္တလေး ၊ ဖေဖော်ဝါရီ ၉