【 ပြည်တွင်း 】သံနှင့် သံမဏိတင်သွင်းရာတွင် ကန်ဒေါ်လာအစား တရုတ်ယွမ်ကို အစားထိုးသုံးစွဲဖို့တိုက်တွန်းထား

【 ပြည်တွင်း 】သံနှင့် သံမဏိတင်သွင်းရာတွင် ကန်ဒေါ်လာအစား တရုတ်ယွမ်ကို အစားထိုးသုံးစွဲဖို့တိုက်တွန်းထား

ပြည်ပကနေ သံနဲ့ သံမဏိတွေ တင်သွင်းတဲ့အခါမှာ အမေရိကန်ဒေါ်လာ အသုံးပြုပေးချေခြင်းကနေ တရုတ်ယွမ်ငွေကို ပြောင်းလဲသုံးစွဲဖို့ တိုက်တွန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်/သွင်းကုန် ကဏ္ဍကို အဓိကထိန်းကျောင်းနေတဲ့ ကုန်သွယ်ရေးဦးစီးဌာနက ယခုနှစ်အတွင်း သံနဲ့ သံမဏိတင်သွင်းတဲ့အခါ ကန်ဒေါ်လာအစား တရုတ်ယွမ်ကို အစားထိုးသုံးစွဲဖို့ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (MISA) ကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်သည့် သံနှင့်သံမဏိများကို တရုတ်နိုင်ငံမှ အဓိကတင်သွင်းနေရတာဖြစ်ပြီး ထိုကဲ့သို့ တင်သွင်းရာတွင် ကန်ဒေါ်လာအစား တရုတ်ယွမ်ကို အစားထိုးသုံးစွဲပါက သွင်းကုန်လိုင်စင်ချထားမှုကို ဦးစားပေးမယ်လို့လည်း မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း (MISA)က ထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို့ ယွမ်ငွေအစားထိုးအသုံးပြုခြင်းဖြင့် လိုင်စင်ဦးစားပေးရရှိမယ့် ကုန်သွယ်ရေးဦးစီးဌာနရဲ့ တိုက်တွန်းချက်အပေါ် သံ၊ သံမဏိလုပ်ငန်းရှင်အချို့က ကြိုဆိုကြပြီး တရုတ်ယွမ်အသုံးပြုခွင့်ပေးလို့ တင်သွင်းမှုအပြင် ဖြန့်ဖြူးမှု အပိုင်းမှာပါ အဆင်ပြေနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဆိုပါထုတ်ပြန်ချက်ကြောင့် သွင်းကုန်လိုင်စင်တင်ထားတဲ့ သံ၊သံမဏိလုပ်ငန်း/ကုမ္ပဏီ တွေ အနေနဲ့ အမေရိကန် ဒေါ်လာနဲ့ ညီမျှတဲ့တရုတ်ယွမ်ငွေကို ပြောင်းလဲပြင်ဆင်ပြီး လိုင်စင်တင်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် သံနှင့်သံမဏိလိုအပ်ချက် တစ်နှစ်လျှင် တန်ချိန်သုံးသန်းခန့် လိုအပ်လျက်ရှိပြီး ပြည်တွင်း၌ တန်ချိန်တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်သည့်သံနှင့်သံမဏိများကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပါတယ်။ ယင်းကဲ့သို့တင်သွင်းရာတွင် တရုတ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် အာရှနှင့် အာဆီယံနိုင်ငံအချို့မှ တင်သွင်းနေခြင်း ဖြစ်ပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၉