【 ပြည်တွင်း 】အသားတိုးကြက်မွေးသူတွေ အရှုံးပေါ်လို့ လုပ်ငန်းရပ်ထားရတဲ့အထိဖြစ်လာ

【 ပြည်တွင်း 】အသားတိုးကြက်မွေးသူတွေ အရှုံးပေါ်လို့ လုပ်ငန်းရပ်ထားရတဲ့အထိဖြစ်လာ

အသားတိုးကြက်မွေးသူတွေ အရှုံးပေါ်နေလို့ လက်ရှိမှာ ကားနဲ့ ခြံရောင်းချသူတွေ၊ လုပ်ငန်းရပ်ထားရတဲ့သူတွေ ရှိနေတယ်လို့ သိရပါတယ်။

“အဓိကတော့ ကြက်ပေါက်စျေး၊ အစားစျေးတွေ အဆမတန်စျေးတက်တော့ ဒီအခြေအနေဖြစ်ကုန်တာပေါ့။ ဒီစရိတ်တွေမှ မဟုတ်ပါဘူး။ အကုန်တက်တာ။ ဘယ်လိုမှ မထိန်းနိုင်ဘူး။ တောင့်မခံနိုင်တော့ဘူးပေါ့ဗျာ။ ဒါကြောင့် လုပ်ငန်းရပ်တဲ့သူတွေ ရှိနေတာ။”လို့ ရန်ကုန်မှာ အသားတိုးကြက်မွေးမြူနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကြက်သားပေါက် တစ်ကောင် ကျပ် ၁၄၀၀ ဝန်းကျင်ရှိနေပြီး (910)SP တစ်အိတ်ကို ကျပ် ၇၉၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

“ ကြက်သားပေါက် တစ်ထောင်မွေးမယ်ဆိုရင် ကုန်ကျစရိတ်က ၁၄ သိန်းကုန်မယ်။ (910)SP  ၁၀ အိတ်ပဲထား ၇ သိန်း ၉ သောင်းကျော် ကုန်မယ်။ (910) အိတ်က သိန်း ၃၀ ဝန်းကျင်၊ (911) အိတ်က ၂၉ သိန်း၊ သိန်း ၃၀ နီးပါးပါ ပဲ။ ဆေးဖိုးက ၃ သိန်း၊ မီးသွေးက ၂ သောင်းကျော်၊ ၃ သောင်းလောက်၊ မီတာခနဲ့ ဖွဲက ၁ သိန်းပဲထား၊ အစာအိတ် တင်ခ ၆ သောင်း၊ လုပ်အားခ ၂ သိန်း၊ အားလုံး သိန်း ၉၀ ကျော်လောက်ကုန်မယ်။ ရန်ကုန်မှာ ဖမ်းတဲ့ ခြံဖမ်းစျေး ၅၀၀၀ ပဲထား။  ၁.၇၀ ပတ်ရင် တစ်ကောင်ကို  ၈၅၀၀ ရမယ်။ အသေအပျောက် ၅၀ နှုတ်ရင် ရောင်းလို့ရမယ့် ကြက်က ၉၅၀ ဆိုရင် သိန်း ၈၀ ကျော်ပဲ ရမယ်။ ဒီမှာ ၁၀ သိန်းကျော် ရှုံးနေပြီ။ ဒါတောင်အပြောင်းလဲရှိတယ်။”လို့ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လီလီ

ရန်ကုန်၊ အောက်တိုဘာ ၂