【 ပြည်တွင်း 】 ကိုရီးယားမှာ ကျောင်းတက်မယ့်သူများ ငွေလွှဲရာတွင် လိမ်လည်ခံရမှုများလာ၍ သတိပြုရန် ထုတ်ပြန်

【 ပြည်တွင်း 】 ကိုရီးယားမှာ ကျောင်းတက်မယ့်သူများ ငွေလွှဲရာတွင် လိမ်လည်ခံရမှုများလာ၍ သတိပြုရန် ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

ကိုရီးယားသမ္မတနိုင်ငံက တက္ကသိုလ်တွေ၊ ကိုရီးယားဘာသာစကား သင်တန်းကျောင်းတွေဆီမှာ သင်တန်းတက်ရောက်ဖို့ လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေဟာ ကျောင်းဝင်ခွင့်ရရှိပြီးနောက်မှာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းတွေဆီ ကျောင်းဝင်ကြေးနဲ့ ပညာသင်ကာလအလိုက် ပေးသွင်းရမယ့် သင်တန်းကြေး ပေးသွင်းတဲ့အခါ မြန်မာနိုင်ငံက ဘဏ်တွေကနေတစ်ဆင့် တက်ရောက်မယ့် တက္ကသိုလ်၊ ကျောင်းတွေက သတ်မှတ်ပေးထားတဲ့ ဘဏ်ငွေစာရင်းဆီ တိုက်ရိုက်လွှဲပြောင်း ပေးသွင်းရမှာဖြစ်သော်လည်း တိုက်ရိုက်လွှဲပြောင်းပေးသွင်းနိုင်ခြင်း မရှိသူတွေဟာ ကိုရီးယားမှာ ရောက်ရှိနေထိုင်တဲ့ အသိမိတ်ဆွေတွေနဲ့ ပညာရေးဝန်ဆောင်မှုကုမ္ပဏီအချို့ကတစ်ဆင့် ပေးသွင်းတဲ့အခါ လိမ်လည်ခံရတာမျိုး ကြုံရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကိုရီးယားမှာ ရောက်ရှိနေထိုင်တဲ့ အသိမိတ်ဆွေတွေနဲ့ ပညာရေးဝန်ဆောင်မှုကုမ္ပဏီအချို့က သက်ဆိုင်ရာကျောင်းကို အမှန်တကယ်ပေးသွင်းတာမျိုး မရှိတာကြောင့် ကိုရီးယားသို့ လာရောက် ပညာသင်ယူမယ့်သူတွေအနေနဲ့ နစ်နာဆုံးရှုံးမှုဖြစ်သလို မြန်မာသံရုံးထံ အထောက်အထားများပြ၍ တင်ပြတိုင်ကြားမှုတွေလည်း လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။

ထို့ကြောင့် ပညာသင်စရိတ်တွေ လွှဲပြောင်းပေးပို့တဲ့အခါ မလိုလားအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အငြင်းပွားမှုတွေနဲ့ တရားရင်ဆိုင်မှုတွေ မဖြစ်ပွားစေဖို့အတွက် လွှဲပြောင်းပေးသူတွေက ငွေလွှဲပြောင်းပေးပို့တာမျိုးမလုပ်မီ သေချာစိစစ်စုံစမ်းပြီး လွှဲပြောင်းကြဖို့နဲ့ အလျင်စလိုလွှဲပြောင်းတာမျိုး မပြုလုပ်ကြဖို့အတွက်လည်း ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အဆိုပါကိစ္စတွေအတွက်ကိုလည်း မြန်မာသံရုံးဘက်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး လိုအပ်တဲ့ စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ယင်းအသိပေးချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

စီစီ