【 ပြည်တွင်း 】 စစ်ကိုင်းမှာ ဘိန်းစိမ်း သိန်းတစ်ရာငါးဆယ်ဖိုးနီးပါး ဖမ်းဆီးရမိ

【 ပြည်တွင်း 】 စစ်ကိုင်းမှာ ဘိန်းစိမ်း သိန်းတစ်ရာငါးဆယ်ဖိုးနီးပါး ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် ဘိန်းစိမ်းများ ဖမ်းမိတယ်လို့ သက်ဆိုင်ရာက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

CCDAC MYANMAR က ထုတ်ပြန်ထားတာမှာတော့ ဖေဖော်ဝါရီလ ၁၄ ရက် ည ၇ နာရီခွဲဝန်းကျင်အချိန်မှာ သက်သေတွေနဲ့အတူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ ကသာမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မစန်းစန်းဌေး၏ လက်ဆွဲခြင်းအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၉.၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၄၇ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ပါရှိပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းစိမ်းများ သယ်ဆောင်ခိုင်းသူ ကျော်ဇေယျ (ခ) ရှမ်းလေးအား ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ည ၉ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးရမိသူတွေကို စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဇိုင်းဇိုင်း