【 ပြည်တွင်း 】 ဒလတံတား အသုံးပြုခ ကောက်ခံရေးစခန်းတွင် Weight Bridge တစ်ခုကိုပါ ထည့်သွင်း တည်ဆောက်မည်

【 ပြည်တွင်း 】 ဒလတံတား အသုံးပြုခ ကောက်ခံရေးစခန်းတွင် Weight Bridge တစ်ခုကိုပါ ထည့်သွင်း တည်ဆောက်မည်

ရန်ကုန် ၊ ဖေဖော်ဝါရီ - ၂၀

ဒလမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းတွင် တံတားအသုံးပြုခ ကောက်ခံရေးစခန်းကို တည်ဆောက်သွားမည်ဖြစ်ရာ ဝန်ပိုမော်တော်ယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန်အတွက် Weight Bridge တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိအကောင်ထည်ဖော်နေသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတွင် တံတားအသုံးပြုခ ကောက်ခံရန် (Toll Plaza) တစ်ခုကို ဒလဘက်ကမ်း၌ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ (Toll Plaza) တွင် ဝန်ပိုမော်တော်ယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တစ်ခုကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့အတူ တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေးအဆောက်အအုံကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းတွင် တံတားပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် တံတားရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှောတံတား (Ramt  P Bridges) ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်း ဈေးဆိုင်ခန်းများ၊ အဆောက်အအုံများ ဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားအရှည်တို့တို တွက်ချက်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ်နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။

လက်ရှိတည်ဆောက်နေသည့် တံတားသည် စုစုပေါင်းအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားတစ်စင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါတံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ စတင်ကာ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုများရှိနေရာ လာမည့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးတည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်အောင်