【 ပြည်တွင်း 】 မန္တလေးမှာ တစ်ရက်အတွင်း ဆိုင်ကယ်လုယက်မှု ၅ ကြိမ်ဖြစ်၊ တစ်ကြိမ်မှာ လုယက်ခံရသူ အသတ်ခံရ

【 ပြည်တွင်း 】 မန္တလေးမှာ တစ်ရက်အတွင်း ဆိုင်ကယ်လုယက်မှု ၅ ကြိမ်ဖြစ်၊ တစ်ကြိမ်မှာ လုယက်ခံရသူ အသတ်ခံရ

မန္တလေး၊ ဖေဖော်ဝါရီ - ၂၁

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆိုင်ကယ်လုယက်ခံရမှု ငါးကြိမ်ဖြစ်ပွားခဲ့ရာ တစ်ကြိမ်မှာ လုယက်ခံရသူ ဓားနဲ့ခုတ်သတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဒေသခံနဲ့လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

“မြို့သစ်ထဲမှာ သုံးကြိမ်၊ မြို့တွင်းမှာ နှစ်ကြိမ်၊ မြို့တွင်းနှစ်ကြိမ်ဖြစ်စဉ်မှာ တစ်ကြိမ်မှာ ဆိုင်ကယ်စီးလာသူ ဓားနဲ့ခုတ်သတ်ခံလိုက်ရတယ်၊ နေ့ခင်းကြောင်တောင်ကြီး ဖြစ်သွားတာ” လို့ မြို့ခံလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနေ့ တစ်ရက်အတွင်းမှာကို ချမ်းမြသာစည်မြို့နယ် (မြို့သစ်)၊ မြရည်နန္ဒာရပ်ကွက်ထဲက မြရည်နန္ဒာအိမ်ယာအနီးမှာ တစ်ကြိမ်၊ ၅၅ လမ်းနဲ့ ၁၁၇ လမ်းထောင့်မှာ တစ်ကြိမ်၊ (မြို့သစ်) အောင်သာယာရပ်ကွက်၊ ၅၃ လမ်းနဲ့ ၁၁၁ လမ်းထောင့်နားမှာ တစ်ကြိမ်၊ မြို့တွင်း မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးမှာ တစ်ကြိမ်၊ ချမ်းအေးသာစံမြို့နယ် ၅၃ လမ်း၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြားမှာ တစ်ကြိမ်၊ စုစုပေါင်း ငါးကြိမ် ဖြစ်ပွားခဲ့တာပါ။

“ကလေးကျောင်းပို့ပြီး အိမ်အပြန်မှာ ဆိုင်ကယ်အလုခံရတယ်၊ လုတဲ့ကောင်တွေက ဆိုင်ကယ်ရသွားပြီးတာတောင် လူကို ဓားနဲ့ခုတ်သတ်သွားတယ်၊ အဲဒီနားက မြို့အရှေ့ဘက်ဆိုတော့ နေ့လယ်နေ့ခင်းတွေမှာ လူပြတ်တတ်တယ်” လို့ ချမ်းအေးသာစံမြို့နယ်ထဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်သိရှိခဲ့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သိရတာမှာ အဲဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က ဆိုင်ကယ် (တန်ဖိုးမြင့်ဆိုင်ကယ်) စီးလာတဲ့ အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ အနောက်ကနေလိုက်လာပြီး အခင်းဖြစ်နေရာအရောက်မှာ ဆိုင်ကယ်ကိုလုယူကာ လူကိုပါ ဓားနဲ့ခုတ်သတ်သွားတာပါ။

ဓားနဲ့ခုတ်ခံရသူဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားလို့ မြို့ခံလူမှုရေးအသင်းတစ်ခုက မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“မန္တလေးမှာ ဆိုင်ကယ်လုယက်မှုက နေ့တိုင်းနီးပါးဖြစ်တာပါ၊ လူသတ်တဲ့အထိ လုပ်တာကျတော့ တကယ်ကို လူမဆန်တဲ့လုပ်ရပ်ပါ၊ ဒါတွေကို သက်ဆိုင်ရာတွေအနေနဲ့ ဒီအတိုင်းဆက်ပြီး ထိုင်ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ဆွေမျိုးတွေအလှည့် ရောက်လာလိမ့်မယ်၊ ဓားခုတ်ကောင်တွေက ဒီနောက်ပိုင်း တအားကြီး အတင့်ရဲလာကြပြီ၊ တာဝန်ရှိသူတွေဘက်က ဒီအတိုင်းဆက်မကြည့်နေကြပါနဲ့တော့လို့ ပြောချင်ပါတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း တစ်လအတွင်း ဆိုင်ကယ်လုယက်ခံရမှု အကြိမ်သုံးဆယ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ တစ်ကြိမ်မှာ လုယက်ခံရသူ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

ဖြူလုံး