【 ပြည်တွင်း 】 မန္တလေးမှာ ဘုန်းကြီးကျောင်းတိုက်တွေနား မီးလောင်မှုဖြစ်

【 ပြည်တွင်း 】 မန္တလေးမှာ ဘုန်းကြီးကျောင်းတိုက်တွေနား မီးလောင်မှုဖြစ်

မန္တလေး၊ ဖေဖော်ဝါရီ - ၂၁

မန္တလေး၊ မဟာအောင်မြေမြို့နယ်ထဲက ဘုန်းကြီးကျောင်းတိုက်တွေအများအပြားရှိရာ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၈ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“အရပ်အခေါ်အားဖြင့် ရှမ်းဝိုင်းပေါ့နော်၊ အဲဒီထဲက နှစ်ထပ်အိမ်တစ်အိမ်မှာ လောင်တာပါ၊ အပေါ်ထပ် အိပ်ခန်းကနေ စလောင်တာ၊ မီးက ဘေးကို မကူးစက်ခဲ့ပါဘူး၊  ဘုန်းကြီးကျောင်းတွေနဲ့နီးတော့ အထူးဂရုစိုက် ဆောင်ရွက်ခဲ့ကြပါတယ်” လို့ မီးလောင်တဲ့နေရာ ရောက်ရှိခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က စလောင်ခဲ့တာဖြစ်ပြီး မီးစလောင်ပြီး ငါးမိနစ်ခန့်အတွင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“နယ်မြေခံ (မီးသတ်စခန်းများ) လောက်ပဲ ထွက်ရပါတယ်၊ မီးမများပါဘူး” လို့လည်း ၎င်းကဆိုပါတယ်။

ဒီမီးလောင်မှုကို နယ်မြေခံမီးသတ်စခန်းတွေမှ မီးငြှိမ်းသတ်ယာဉ်လေးစီးအပါအဝင်၊ အရန်နဲ့ သန္တေ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းရပ်ကွက်၊ လမ်း ၅၀ နဲ့ ၅၁ လမ်းကြား၊ ၁၂၅ လမ်းနဲ့ ၁၂၆ လမ်းကြားမှာ နေအိမ်တစ်အိမ်အတွင်း အားသွင်းထားတဲ့ ဘက္ထရီအိုးပွင့်ထွက် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ခဲ့ရာကနေ နေအိမ် (၂၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အောင်မြေသာစံနဲ့ အမရပူရမြို့နယ်တို့မှာ မီးလောင်မှုတစ်ကြိမ်စီဖြစ်ပွားခဲ့ပြီး၊ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဖြူလုံး
Photo - မဏီစလ လူမှု/နာမှုကူညီရေးအသင်း မန္တလေးမြို့