【 ပြည်တွင်း 】 အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၈ သန်းနဲ့ ထိုင်းဘတ် သန်း ၂၅၀ ကို ငါးသုတ်ခွဲပြီး ဒီလထဲ ဗဟိုဘဏ် ထုတ်ရောင်း

【 ပြည်တွင်း 】 အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၈ သန်းနဲ့ ထိုင်းဘတ် သန်း ၂၅၀ ကို  ငါးသုတ်ခွဲပြီး ဒီလထဲ ဗဟိုဘဏ် ထုတ်ရောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅

ယခု ဖေဖော်ဝါရီလထဲမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၈ သန်းနဲ့ ထိုင်းဘတ် သန်း ၂၅၀ တို့ကို ငါးသုတ်ခွဲပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ရောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပထမအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်းကို ဖေဖော်ဝါရီ ၁ ရက်ကလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ တို့ကို ဖေဖော်ဝါရီ ၂ ရက်ကလည်းကောင်း၊ တတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ တို့ကို တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၅ ရက်ကလည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၈ သန်း ကို ဖေဖော်ဝါရီ ၈ ရက်ကလည်းကောင်း၊ ယခုရက်ပိုင်းအတွင်း ပဉ္စမအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်းကို ဖေဖော်ဝါရီ ၁၄ ရက်ကလည်းကောင်း စသဖြင့် အသီးသီးထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၃၃ သန်းကျော်ကို ခုနစ်ကြိမ်ခွဲပြီး ရောင်းချခဲ့သလို ထိုင်ဘတ် ၃၁၃ ဒသမ ၅ သန်းကို လေးကြိမ်ခွဲပြီး ရောင်းချခဲ့တဲ့အပြင် တရုတ်ယွမ်ငွေ ၄ ဒသမ ၂ သန်းနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေတွေကို SWAP Facility စနစ်ဖြင့် ထုတ်ရောင်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

ထိုသို့ထုတ်ရောင်းနေပေမယ့် အမေရိကန်ဒေါ်လာရဲ့ ပြင်ပပေါက်စျေးဟာ ၃၅၀၀ ကျပ်အောက်ကို ပြန်ရောက်မသွားသေးဘဲ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) မှာ တစ်ဒေါ်လာလျှင် ဝယ်စျေး ၃၅၀၀ ကျပ်၊ ရောင်းစျေး ၃၅၅၀ ကျပ်၊ ထိုင်းဘတ်ငွေ ဝယ်စျေး ၉၈ ကျပ်၊ ရောင်းစျေး ၁၀၀ ကျပ်၊ တရုတ်ယွမ်ငွေ ဝယ်စျေး ၄၈၃ ကျပ်၊ ရောင်းစျေး ၄၉၃ ကျပ်ဖြင့် အရောင်းအဝယ်လုပ်နေကြတယ်လို့ သိရပါတယ်။

စီစီ