【 ပြည်တွင်း 】 “ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်” ဖြင့် တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် ပြင်ဆင်နေ

【 ပြည်တွင်း 】 “ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်” ဖြင့် တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် ပြင်ဆင်နေ

ရန်ကုန်၊ ဒီဇင်ဘာ - ၃
 
မြန်မာနိုင်ငံအတွင်းရှိ ခရီးစဉ်များကို တရုတ်ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားစေရန် ရည်ရွယ်ပြီး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip – Fam Trip) ပြုလုပ်ရန်စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
 
တရုတ်နိုင်ငံရှိ မီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) (ဖန်ထရစ်) စီစဉ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 
 
Fam Trip ဖိတ်ခေါ်မှုအတွင်း တရုတ်နိုင်ငံဘက်မှ လူ ၄၀ ခန့် လာရောက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ 
 
ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ မြန်မာခရီး စဉ်တွေ လုပ်ဆောင်နေတဲ့ ခရီးသွားကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။ 
 
Fam Trip ခရီးစဉ်ရဲ့ ရည်ရွယ်ချက်မှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး အစရှိတဲ့ ပုံမှန်ခရီးစဉ်နေရာတွေကို သွားလာနိုင်တဲ့ အခြေအနေကို ဖော်ပြလိုခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ယခု၂၀၂၃ ခုနှစ် ၁၁ လနီးပါးကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ ၂၄၀,၀၀၀ ကျော်ရှိခဲ့ပြီး ထိုထဲတွင် တရုတ်ခရီးသွားတွေက အများဆုံးဖြစ်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
 
ကိုဗစ်မတိုင်ခင်ကာလ ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၅ သန်းကျော် ရှိခဲ့သလို ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက် စာရင်း တွေအရ သိရပါတယ်။
 
အောင်အောင်