
【 ပြည်တွင်း 】CITIC Group မှ ကျောက်ဖြူဒေသအတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ပေးအပ်
ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူဒေသပြည်သူများအတွက် တရုတ်နိုင်ငံ CITIC Group မှ ယွမ် ၁ သိန်း တန်ဖိုးရှိသော သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများအား မေလ ၂၂ ရက်က ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းသော ပစ္စည်းများတွင် မိုးရေခံဖျင်(တာပေါ်လင်)၊ သွပ်ပြား ၊ သံမှို စသည်တို့ ပါဝင်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းကို မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် CITIC Group အနေဖြင့် ကူညီလှူဒါန်းပေးရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ကျောက်ဖြူဒေသန္တရအရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးတွဲ၍ “မိုခါ” လေဘေးအရေးပေါ်ကယ်ဆယ်ရေးစီမံကိန်းကို စတင်ခဲ့ရာ ဒေသ၏လိုအပ်ချက်များနှင့်ချိတ်ဆက်၍ အထောက်အပံ့ပစ္စည်းများကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin ၊ ကျောက်ဖြူရှိသက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောင်အောင်
ရန်ကုန်၊ မေ ၂၇