【 အားကစား 】 ကလော့ပ် ကို လက်ဆွဲမနှုတ်ဆက်ခဲ့ပြန်တဲ့ ဆီမြွန်နီ

【 အားကစား 】 ကလော့ပ် ကို လက်ဆွဲမနှုတ်ဆက်ခဲ့ပြန်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြကြီး ဒီယေဂို ဆီမြွန်နီကတော့ လီဗာပူးလ်အသင်းကို အတော်ကြီးမကျေမချမ်းဖြစ်နေပုံပါပဲ။

ယမန်နေ့က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းက အက်သလက်တီကိုအသင်းကို ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာလည်း ပွဲအပြီးနောက် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် ကို အက်သလက်တီကို နည်းပြ ဆီမြွန်နီဘက်က လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ပွဲအပြီးမှာ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ နိုင်ပွဲအတွက် ၎င်းရဲ့ကစားသမားတွေကို ဂုဏ်ပြုအောင်ပွဲခံရန် ကွင်းထဲတွင်ရှိနေခဲ့ပြီး၊ အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာလည်း အက်သလက်တီကိုအသင်း ပရိတ်သတ်များကို အသိအမှတ်ပြုရန် ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။ထို့နောက်မှာတော့ ကလော့ပ်ဟာ ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး ဆီမြွန်နီကတော့ ကွင်းထဲကနေ နည်းပြအချင်းချင်း နှုတ်ဆက်ခြင်းမရှိဘဲ ကွင်းအတွင်းမှ ထွက်ခွာပြီး ဥမင်ထဲသို့ ပြေးဆင်းသွားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ပထမပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့တုန်းကလည်း ဆီမြွန်နီမှ ကလော့ပ် ကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိခဲ့ပါဘူး၊ ယခုနောက်ဆုံးဖြစ်ရပ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ နှစ်ပွဲစလုံး အရှုံးပေးခဲ့ရကာ နှစ်ပွဲစလုံးမှာ ကစားသမားတွေ အနီကဒ်ပြသခံရပြီး ထုတ်ပယ်ခံမှုအပေါ် ဆီမြွန်နီဘက်က မကျေမချမ်းဖြစ်နေတယ်လို့ ထင်ရပါတယ်။

ပွဲအပြီး ဆီမြွန်နီဘက်က လက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့မှုအပေါ် ကလော့ပ် က "အမှားလုပ်မိတာ ပြဿနာမဟုတ်ပါဘူး၊ အမှားကနေ သင်ယူနိုင်ဖို့က ပစ်မှတ်ပါပဲ၊ ကျနော်လေ့လာသင်ယူပါတယ်၊ သူ့ဘက်က လက်ဆွဲနှုတ်ဆက်ဖို့ငြင်းဆန်လဲ ပြဿနာမရှိပါဘူး" လို့ ဆိုခဲ့ပါတယ်။

"ကျနော့်ဘဝမှာ အရာရာတိုင်းကို ‌လေးစားမှုအပြည့်ထားပါတယ်၊ ဖြစ်ပျက်ခဲ့တဲ့ အခိုက်အတန့်မှာတော့ ကျနော်မသိပါဘူး၊ ကျနော်လုပ်သင့်တာ ကျနော်လုပ်ခဲ့တာပါ" လို့ ကလော့ပ် က ‌ဆက်လက်ပြောကြားခဲ့ပါတယ်။

အက်သလက်တီကိုနည်းပြကြီး ဆီမြွန်နီဘက်ကတော့ "ပွဲအပြီး ကျနော်ရှင်းပြတယ်၊ ပွဲအပြီး ကျနော်လက်ဆွဲနှုတ်ဆက်ရတာမကြိုက်ဘူး၊ နည်းပြတွေ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ခြင်းမတူဘူး၊ အင်္ဂလန်မှာ လိမ္မာပါးနပ်တဲ့နည်းလမ်းကို သုံးကြတယ်ဆိုတာ ကျနော် နားလည်တယ်၊ ဒါပေမယ့် ကျနော်က လိမ်ညာတာကို မကြိုက်ဘူး၊ ကျနော် ကလော့ပ်အကြောင်း မပြောနိုင်ဘူး ကျနော် သူ့အကြောင်းကိုမသိဘူး၊ ဒါပေမယ့် ကလော့ပ်ဟာ ကိုင်တွယ်တဲ့ အသင်းတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေတော့ ပြသထားခဲ့တယ်၊ အခုအချိန်တော့ ကျနော် ကလော့ပ် ကို တွေ့ရင် ဘာပြဿနာမှမရှိပဲ သူ့ကို လက်ဆွဲနှုတ်ဆက်မယ် ဒါပေမယ့် ပွဲအပြီးမှာတော့ မလုပ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တီအသင်း နည်းပြကြီး ဆီမြွန်နီဟာ စိတ်ခံစားချက်ပြင်းထန်တဲ့ နည်းပြကြီးလို့ ဆိုရမှာဖြစ်ပြီး၊ အက်သလက်တီကိုအသင်းကို နည်းပြတဲ့အခါမှာလည်း ကွင်းဘေးက တရစပ်အော်ဟစ်ညွှန်ကြားကာ တက်တက်ကြွကြွ အလုပ်လုပ်သူတစ်ဦးအဖြစ် လူသိများသူဖြစ်ပါတယ်။

Linko
လီဗာပူးလ်၊ နိုဝင်ဘာ - ၄